မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားကြီး ကက်စီမဲရိုးက ရီးယဲလ်မက်ဒရစ်ကနေ ယူနိုက်တက်အသင်းဆီ မပြောင်းရွှေ့ခင် ရီးယဲလ်နည်းပြကြီး ကားလို့ အန်ဆယ်လော့တီရဲ့ ငိုကြွေးမှုကြောင့် သူ့အနေနဲ့ ရီးယဲလ်ကနေ ထွက်ခွာဖို့ တွေဝေခဲ့မိရတယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် (၃၂)နှစ်အရွယ်ရှိ ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်လူ ကက်စီမဲရိုးဟာ ရီးယဲလ်အသင်းနဲ့အတူ အောင်မြင်မှုတွေ များစွာ ရရှိခဲ့ပြီးမှ ပြီးခဲ့တဲ့ ဘောလုံးရာသီကပဲ ရီးယဲလ်ကနေ မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။

Photo Credit : Goal

ဒီအပြောင်းအရွှေ့ရဲ့ အသေးစိတ် အကြောင်းအရာနဲ့ ပတ်သက်ပြီး ကက်စီမဲရိုးက “ကျွန်တော် ရီးယဲလ်မှာ အရာအားလုံးကို ရယူနိုင်ခဲ့တယ်။ ဒါက ကျွန်တော့်ကို ဆက်ပြီး တွန်းအားပေးနေတာ မဟုတ်ပဲ စိန်ခေါ်မှု အသစ်တွေကိုသာ ကြိုးစားကြည့်ချင်လာခဲ့ပါတယ်။”

“သူတို့ကတော့ ကျွန်တော့်ကို အသင်းကနေ လွယ်လွယ်နဲ့ ထွက်ခွာခွင့် မပေးချင်ပေမယ့် ကျွန်တော်ကတော့ ဘာသာစကားသစ်တစ်ခု သင်ယူချင်တယ် မတူညီတဲ့ လိဂ်မှာလည်း ကစားချင်တယ်။ ယူနိုက်တက်ကလည်း ကျွန်တော့်ကို စပြီး ဆက်သွယ်ကတည်းကနေ လေးစားမှုအပြည့်နဲ့ ဆက်ဆံခဲ့ပါတယ်။ ကျွန်တော်က ရီးယဲလ်နဲ့အတူ (၁၄)ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား ရယူပြီးတဲ့နောက်မှာပဲ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ဖြစ်ခဲ့တာပါ။”

Photo Credit : Football Espana

“မက်ဒရစ်မှာ ကျွန်တော်ရဲ့အချိန်တွေ ကုန်ဆုံးသွားပြီ ဆိုတာကိုလည်း ကျွန်တော် မြင်တွေ့ထားပါတယ်။ အသက်အရွယ်အရလည်း အပြောင်းအရွှေ့လုပ်ဖို့ ကောင်းမွန်တဲ့ အရွယ်ဖြစ်နေလို့ အပြောင်းအလဲလည်း လုပ်ချင်ခဲ့တယ်။ ဆုံးဖြတ်ချက်က လွယ်တော့မလွယ်ပါဘူး။ အဲ့ဒီမှာ လူတွေအားလုံးကလည်း ကျွန်တော့်ကို ချစ်ကြတယ်။ မက်ဒရစ်ကနေ ယူနိုက်တက်ဆီ ထွက်ခွာဖို့တော့ တစ်ကြိမ်လေးပဲ တွေဝေမိခဲ့တဲ့ အခိုက်အတန့် ဖြစ်ခဲ့ဖူးပါတယ်။”

“ကျွန်တော် ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ အားလုံး လုပ်ဆောင်ပြီးချိန်လောက်မှာပဲ အန်ဆယ်လော့တီရဲ့ ရုံးခန်းထဲ ဝင်သွားချိန် သူက စပြီး ငိုကြွေးတယ်။ အဲ့ဒီအချိန် ကျွန်တော်လည်း ငိုမိတယ်။ အန်ဆယ်လော့တီက ကျွန်တော့်ကို အသင်းကနေ မထွက်ခွာချင်ကြောင်းနဲ့ ကျွန်တော့်ကို သူ ဘယ်လောက်အထိ ချစ်မြတ်နိုးကြောင်း ပြောလာလို့ အဲ့ဒီအချိန်က ရီးယဲလ်ကနေ ထွက်ခွာဖို့ ကျွန်တော် တွေဝေမိသွားခဲ့ရပါတယ်။” လို့ ဖွင့်ဟသွားခဲ့ပါတယ်။