ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက ဆော်ဒီ ထိပ်သီးကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ရထားပေမယ့် မန်ချက်စတာ ယူနိုက်တက်မှာပဲ ရာသီကုန် အထိ ဆက်နေဖို့ ဆုံးဖြတ်ထားကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။
အသက် ၃၁နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ရီးရဲလ်မက်ဒရစ် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ယူနိုက်တက်ထံ ရောက်ရှိပြီးနောက် အသင်းရဲ့ အဓိက ကွင်းလယ်လူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်။
Photo Credit: Team Talk
ကတ်စ်မဲရိုးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘရူနို ဖာနန်ဒက်စ် ၊ အဲရစ်ဆင်တို့နဲ့ တွဲဖက်ကာ အသင်းရဲ့ အဓိက ကွင်းလယ်လူ အဖြစ် ခြေစွမ်းပြခဲ့ပေမယ့် ဒီရာသီမှာတော့ ဒဏ်ရာပြဿနာတွေကြောင့် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရပါတယ်။
လက်ရှိမှာ ဆော်ဒီ ထိပ်သီးကလပ်တွေက ကတ်စ်မဲရိုးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဆော်ဒီကလပ်တွေက ကတ်စ်မဲရိုးကို လာမယ့် ဆောင်းဈေးကွက်မှာ ခေါ်ယူဖို့ ကြိုးစားသွားမယ် ဆိုတဲ့ သတင်းတွေလည်း အကြီးအကျယ် ထွက်ပေါ်နေပါတယ်။
Photo Credit: Football 365
ဆော်ဒီ ထိပ်သီးကလပ်တွေက ကတ်စ်မဲရိုးအပြင် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကြယ်ပွင့် ကစားသမားတွေ ဖြစ်တဲ့ ဗာရန်း ၊ မာရှယ် ၊ ဆန်ချို စတဲ့ ကစားသမားတွေကိုပါ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ ကတ်စ်မဲရိုး ၊ ဗာရန်းနဲ့ ဆန်ချိုတို့ကို ရောင်းချဖို့ လမ်းဖွင့်ထားပါတယ်။
နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Give Me Sportsရဲ့ ဖော်ပြချက်အရ ကတ်စ်မဲရိုးဟာ ဆော်ဒီကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ရထားပေမယ့် ရာသီကုန် အထိ မန်ချက်စတာ ယူနိုက်တက်မှာပဲ ဆက်ကစားဖို့ ဆုံးဖြတ်ထားကြောင်း သိရှိရပါတယ်။