မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ကွင်းလယ်လူ ကက်စီမဲရိုး ကစားနေတာကို ကြည့်ရတာက ပြိုင်ပွဲတစ်ခုခုမှာ ကစားနေသလိုနဲ့မတူ ရန်ပုံငွေ ခြေစမ်းပွဲတွေမှာ ဝင်ကစားနေသလိုတောင် ဖြစ်နေတယ်လို့ ဂျေမီ ရက်ဒ်နက်က ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ရီးယဲလ်မက်ဒရစ်ကနေ မန်ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ ကမ္ဘာ့အဆင့် ကွင်းလယ်လူ ကက်စီမဲရိုးဟာ ရီးယဲလ်မှာ ကစားသမားဘဝရဲ့ အကောင်းဆုံးအချိန်တွေကို ဖြတ်သန်းခဲ့ပြီး ဆုဖလား အောင်မြင်မှုတွေများစွာကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Photo Credit : Betimate

နည်းပြ အဲရစ် တန်ဟက်ဂ် တအားလိုချင်နေတဲ့ ဖရန့်ကီ ဒီဂျောင်ကို မရလိုက်ပေမယ့် ကက်စီမဲရိုးလို ကစားသမားကြီး ရလိုက်တာကလည်း ယူနိုက်တက်အတွက် အရမ်းကောင်းတယ်လို့ သတ်မှတ်ခဲ့ရသလို ကက်စီဟာလည်း သူရဲ့ ပွဲဦးထွက်ရာသီမှာပဲ အသင်းအတွက် အကောင်းဆုံး အသုံးတော်ခံသွားခဲ့ပါတယ်။

ဒီလို စွမ်းဆောင်ရည်တွေကြောင့်ပဲ ဘောလုံးနယ်ပယ်ထဲက ကက်စီမဲရိုးကို တစ်နှစ်တာရဲ့ အကောင်းဆုံး ခေါ်ယူမှုအဖြစ် သတ်မှတ်ခဲ့ကြပေမယ့်လည်း ဒီရာသီမှာတော့ ကက်စီမဲရိုးရဲ့ form က အတော်လေး ပြောင်းလဲသွားခဲ့ပြီး စွမ်းဆောင်ရည် ကျဆင်းသွားခဲ့ရပါတယ်။

Photo Credit : Sky Sports

ကက်စီက နောက်ပိုင်းပွဲစဉ်တွေထဲမှာ လူပိုကြီးတစ်ဦးလို ဖြစ်နေရပြီး ကွင်းလယ်မှာ သူလုပ်ဆောင်ရမယ့် တာဝန်တွေကိုလည်း လိုက်ပါ မလုပ်ဆောင်နိုင်တာကြောင့် ခံစစ်ကစားသမားတွေက ပြိုင်ဘက် တိုက်စစ်အပြင် ကွင်းလယ်ကိုပါ ခက်ခက်ခဲခဲနဲ့ ရင်ဆိုင်လာရပါတယ်။ ပိုဆိုးတာက ခံစစ်တန်းမှာလည်း ဒဏ်ရာရ ကစားသမားတွေပါ များပြားလာတာက ယူနိုက်တက် ခံစစ်အတွက် ထိုးနှက်ချက် ပိုဖြစ်လာရပါတယ်။

အခုအချိန်မှာ ယူနိုက်တက် ကစားသမား အများအပြားဟာ ဝေဖန်ပြစ်တင်ချင်စရာကောင်းအောင် ဖြစ်နေရပြီး ဒီထဲကမှ ကက်စီလို ကစားသမားမျိုးက ပိုအံ့သြစရာကောင်းလောက်အောင် သူရဲ့ ကွင်းလယ်ပိုင်း စွမ်းဆောင်မှုတွေက ကျဆင်းလာတဲ့အတွက် လက်ရှိ သူ့ကစားဟန်တွေက ရန်ပုံငွေပွဲမှာ ကစားနေသလို ဖြစ်နေတယ်လို့ ရက်ဒ်နက်က ပြောဆိုသွားခဲ့ပါတယ်။