ကြွက်သားဒဏ်ရာ ရရှိနေလို့ လီဗာပူးလ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ အက်ဖ်အေဖလားပွဲစဉ်ကို လွဲချော်ထားခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမား ကက်စီမဲရိုးဟာ ဒဏ်ရာကနေ သက်သာလာနေပြီဖြစ်လို့ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာပဲ ပြန်လည် ကစားပေးနိုင်ဖွယ် ရှိနေပါတယ်။

အသက် (၃၂)နှစ်အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ခံစစ်ကစားသမား ကက်စီမဲရိုးဟာ ယူနိုက်တက်ရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း ဒီရာသီထဲမှာတော့ ဒဏ်ရာပြသာနာကြောင့် ယူနိုက်တက်အတွက် ပွဲပေါင်း (၁၇)ပွဲအထိတောင် လွဲချော်ထားခဲ့ရပါတယ်။

Photo Credit : Marca

ဒါ့အပြင် ကက်စီမဲရိုးဟာ ယူနိုက်တက် ကစားသမားဘဝ ပွဲဦးထွက်ရာသီဖြစ်တဲ့ မနှစ်က ရာသီလို ခြေစွမ်းမျိုးကိုလည်း ပြန်လည် မပြနိုင်ပဲ ရုန်းကန်နေခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကက်စီမဲရိုးဟာ ပါဝင်ကစားရတဲ့ ပွဲတိုင်းမှာတော့ အသင်းအတွက် အကောင်းဆုံး ကြိုးစားအားထုတ်ပြီး ကစားပေးနိုင်ပါတယ်။

ကက်စီမဲရိုးက အဲဗာတန်ကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပွဲချိန်ပြည့် ပါဝင် ကစားနိုင်ခဲ့ပေမယ့် ကြွက်သားဒဏ်ရာကြောင့် လီဗာပူးလ်ပွဲအပြင် ဘရာဇီးလ်အသင်းရဲ့ နိုင်ငံတကာ ခြေစမ်းပွဲစဉ်တွေကိုလည်း ဆက်တိုက် လွဲချော်ခဲ့ရပါတယ်။

Photo Credit : Sky Sports

ဒါပေမယ့် ကက်စီမဲရိုးက နိုင်ငံတကာ ရက်သတ္တပတ် ကာလအတွင်းမှာ အနားရရင်း ဒဏ်ရာကပါ ပြန်လည် သက်သာလာခဲ့ပြီဖြစ်လို့ မနက်ဖြန် ဘရန့်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်မှာပဲ အသင်းအတွက် ကစားပေးနိုင်ဖို့ပါ အခြေအနေကောင်းနေရပါတယ်။

ဒါ့အပြင် ယူနိုက်တက်ရဲ့ ကွင်းလယ်ပိုင်းမှာ မေဆန်မောင့်လည်း ကြံခိုင်မှု ပြည့်ဝလို့နေပြီး နိုင်ငံပွဲတွေက ပြန်လာပြီဖြစ်တဲ့ မိန်းနူးနဲ့ တွမ်မီနေးတို့ကလည်း အသင်းအတွက် သေချာလေး ကစားပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် လီဆန်ဒရို မာတီနက်ဇ်နဲ့ မက်ဂွိုင်းယားတို့ကတော့ ဘရန့်ဖို့ဒ်နဲ့ပွဲကို ပါဝင်နိုင်ဖို့ မသေချာသေးပဲ ဖြစ်နေရပါတယ်။