ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက သူဟာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့တော့မယ် ဆိုတဲ့ အကြောင်းအား ရီးရဲလ်မက်ဒရစ် အသင်းဖော်တွေကို ထုတ်ပြောထားကြောင်း နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၃၀ အရွယ် ဘရာဇီးလ် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးဟာ ပြီးခဲ့တဲ့ ၃ရက် အတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ ချဉ်းကပ်မှုကို ခံနေရတဲ့ ကစားသမား ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းဆီ ပြောင်းလာမယ် ဆိုရင် သူ့ကို မြင့်မားတဲ့ လုပ်ခလစာ ပေးချေမယ့် ကာလရှည် စာချုပ်တရပ် ပေးချေမယ်လို့ ကတိပေးထားပါတယ်။

Photo Credit: Marca

မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ကာလရှည် အားနည်းချက် တခုလို ဖြစ်နေတဲ့ ကွင်းလယ်ခံစစ်ပိုင်း အတွက် ကမ္ဘာ့အဆင့် ကွင်းလယ်ခံစစ် ကစားသမား ဖြစ်သူ ကတ်စ်မဲရိုးအား ခေါ်ယူဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းနေတာ ဖြစ်ပြီး ကတ်စ်မဲရိုးကလည်း သူရှိနေပါရက်နဲ့ ချူအာမီနဲ့ ကာမာဗင်ဂါတို့လို လူငယ် ကွင်းလယ်ခံစစ် ကစားသမား ၂ဦးအား ခေါ်ယူထားတဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ လုပ်ရပ်ကို သဘောမကျတာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှု ရောက်ရှိလာချိန်မှာ အင်္ဂလန်မြေဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ယနေ့ညနေမှာပဲ ကတ်စ်မဲရိုးရဲ့ အပြောင်းအရွှေ့ အတွက် အရေးပါတဲ့ ဆွေးနွေးမှုတွေကို လုပ်ဆောင်နေပြီး ကတ်စ်မဲရိုးဟာ သူ့ရဲ့ အိမ်မက် တခု ဖြစ်တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားခွင့်ရရေးကို အကောင်အထည် ဖော်ဖို့ အခွင့်အလမ်း များနေကြောင်း သိရပါတယ်။

Photo Credit: Marca

စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာနတွေ ဖြစ်တဲ့ Relevoနဲ့ Marcaတို့ကလည်း ကတ်စ်မဲရိုးဟာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်းကို ထပ်ဆင့် အတည်ပြုပေးထားသလို ကတ်စ်မဲရိုးဟာ သူနဲ့ ရင်းနှီးတဲ့ ရီးရဲလ်မက်ဒရစ် အသင်းဖော် တချို့အား မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းတော့မယ့် အကြောင်းကို အသိပေးထားကာ ရီးရဲလ်မက်ဒရစ် နည်းပြတွေကလည်း ကတ်စ်မဲရိုး တယောက် အသင်းပြောင်းတော့မယ့် အကြောင်းကို သိရှိထားကြကြောင်း ဖော်ပြထားကြပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်က ကတ်စ်မဲရိုးကို သူတို့အသင်းဆီ ပြောင်းလာရင် ယခု ရနေတဲ့ လုပ်ခလစာရဲ့ ၂ဆ ပမာဏ ဖြစ်တဲ့ ပေါင် ၄သိန်း ပေးမယ်လို့ ကတိပေးထားသလို ကတ်စ်မဲရိုးအတွက် ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ကြေး ယူရို ၇၀သန်း ဝန်းကျင် ပေးချေဖို့ ဆန္ဒရှိနေပါတယ်။