ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ အမာခံ ပရိသတ် တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ အိုင်ယာလန် လက်ရွေးစင် ကစားသမားဟောင်း ကတ်စ်ကာရီနို ကတော့ လီဗာပူးဟာ လတ်တလောမှာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အဆင်မပြေ ဖြစ်နေတဲ့ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာကို ဆုံးရှုံးလိုက်ရပါက ဝက်စ်ဟမ်း တိုက်စစ်မှူး ဘိုဝင်ကို ပြန်လည် ခေါ်ယူသင့်ကြောင်း အကြံပေး တိုက်တွန်းသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟာ လီဗာပူးရဲ့ မရှိမဖြစ် တိုက်စစ်မှူး တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၂၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၃ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၉ကြိမ် ပြုလုပ်ထားနိုင်သူပါ။

Photo Credit: Metro

ဒါကြောင့်ပဲ လီဗာပူးဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ်သာ ကျန်တော့တဲ့ မိုဟာမက် ဆာလာကို စာချုပ်သစ် ချုပ်ဆိုဖို့ ယခုနှစ် ဘောလုံးရာသီ စတင်ကတည်းက ကြိုးစားခဲ့ပေမယ့် ဆာလာက တပတ် လုပ်ခလစာ ပေါင် ၄သိန်း ဝန်းကျင် အထိ ပေးချေဖို့ တောင်းဆိုထားတာကြောင့် စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေက ရပ်ဆိုင်းနေပါတယ်။

လီဗာပူးဟာ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန် အထိသာ ဆာလာကို စာချုပ်သစ် မချုပ်ဆိုနိုင်ပါက အသင်းကနေ ရောင်းထုတ်ရတာ ဒါမှမဟုတ် လာမယ့် ဘောလုံးရာသီ အကုန်မှာ ဆာလာကို အလွတ်နဲ့ ထွက်ခွာခွင့် ပေးရတာမျိုး ကြုံတွေ့နိုင်ပြီး ကတ်စ်ကာရီနို ကတော့ လီဗာပူးဟာ ဆာလာကို ဆုံးရှုံးလိုက်ရရင် ဝက်စ်ဟမ်း တိုက်စစ်မှူး ဘိုဝင်ကို ပြန်လည် ခေါ်ယူသင့်ကြောင်း ဆိုလိုက်ပါတယ်။

Photo Credit: Metro

ကတ်စ်ကာရီနိုက – “တကယ်လို့ မိုဟာမက် ဆာလာကိုသာ ဆုံးရှုံးလိုက်ရင် လီဗာပူးက ဘယ်သူ့ကို ပြန်ခေါ်သင့်လဲ။ ကျွန်တော်က ဒီမေးခွန်းကို မကြာခဏ စဉ်းစားမိပါတယ်။ ကျွန်တော့်အတွက် ဆာလာရဲ့ နေရာကို အစားဝင်နိုင်မယ့် ကစားသမား ကတော့ ဝက်စ်ဟမ်း တိုက်စစ်မှူး ဘိုဝင်ပါပဲ။ ဘိုဝင်က တဖက်အသင်းရဲ့ ဂိုးဧရိယာထဲကို တိုးဝင်နိုင်တယ်။ ပြီးတော့ ကြံ့ခိုင်တယ်။ သူ့ရဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုက ထိပ်တန်းအဆင့် တခုမှာ ရှိမနေပေမယ့် ထိပ်တန်း ကစားသမား တယောက် လိုအပ်နေတဲ့ အဆင့်အတန်းမျိုးကိုတော့ ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ဘိုဝင်လိုမျိုး တောင်ပံထွက်ပြီး ကစားနိုင်သလို တဖက်အသင်းရဲ့ ခံစစ်ကြောင်းကို ဒုက္ခပေးနိုင်စွမ်း ရှိတဲ့ ကစားသမားမျိုးက ကလော့ပ်ရဲ့ တိုက်စစ်နဲ့ အံဝင်မယ်လို့ ထင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။