ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ကတ်ကာရီနိုက သူဟာ ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ရီးရဲလ်မက်ဒရစ် ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းလာခဲ့တဲ့ ကွင်းလယ်လူ ကတ်စ်မဲရိုးကို ငွေမက်လို့ အင်္ဂလန်မြေဆီ ရောက်လာတာလို့ ပြောခဲ့မိပေမယ့် အခုချိန်မှာတော့ ကတ်စ်မဲရိုးဟာ ငွေမက်လို့ ပြောင်းတာ မဟုတ်ကြောင်းကို နားလည်သွားပါပြီလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၀ အရွယ် ဘရာဇီးလ် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက ယခုနှစ် ဘောလုံးရာသီ အစကမှ ရီးရဲလ်မက်ဒရစ်လို အောင်မြင်နေတဲ့ အသင်း ကနေ မန်ချက်စတာ ယူနိုက်တက်လို ရုန်းကန်နေရတဲ့ အသင်းဆီ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က သူ့အတွက် ပြောင်းရွှေ့ကြေး ယူရို ၇၀သန်း ဝန်းကျင် အထိ ပေးချေခဲ့ရပါတယ်။

Photo Credit: Standard

ကတ်စ်မဲရိုးက ရီးရဲလ်မက်ဒရစ်မှာ အရေးပါတဲ့ ကစားသမား တဦး ဖြစ်နေတာကြောင့် ရီးရဲလ်ကို စွန့်ခွာပြီး မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ဘယ်သူမှ နားမလည်ကြပဲ ကတ်ကာရီနို အပါအဝင် ဘောလုံးရေးရာ သုံးသပ်သူ အများစုက ကတ်စ်မဲရိုးဟာ မန်ချက်စတာ ယူနိုက်တက်ဆီ ငွေမက်လို့သာ ပြောင်းလာတာ ဖြစ်ကြောင်း သုံးသပ် ဝေဖန်ခဲ့ကြပါတယ်။

ဒါပေမယ့် ကတ်စ်မဲရိုးက သူဟာ ငွေကြေး တခုထဲ အတွက် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းလာတာ မဟုတ်ကြောင်းကို သူ့ရဲ့ ခြေစွမ်းတွေ ၊ ပြင်းပျတဲ့ စိတ်ဓာတ်တွေနဲ့အတူ သက်သေပြခဲ့ပြီး ကတ်စ်မဲရိုးက မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၂၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Standard

ကတ်စ်မဲရိုးက မန်ချက်စတာ ယူနိုက်တက် အတွက် ရာနှုန်းပြည့် ပေးဆပ် ကစားနေသလို သူ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ရလဒ်ကောင်းတွေကို ဆက်တိုက် ရယူထားနိုင်ပြီး ကတ်ကာရီနိုက စွမ်းဆောင်ရည်ပိုင်း တိုးတက်လာတဲ့ မန်ချက်စတာ ယူနိုက်တက်ကို ကြည့်ရင်း ကတ်စ်မဲရိုးနဲ့ ပတ်သတ်ပြီး သူ့ရဲ့ အမြင်တွေ မှားခဲ့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။

ကတ်ကာရီနိုက – “ကတ်စ်မဲရိုးက ဆုဖလားတွေ အများကြီး ရခဲ့တဲ့သူပါ။ ဒါကြောင့် ကျွန်တော်က သူဟာ ငွေကြေးကြောင့် ယူနိုက်တက်ဆီ ပြောင်းခဲ့တာလို့ ထင်ခဲ့မိပါတယ်။ အခုတော့ ကျွန်တော်က ကိုယ်ပြောခဲ့တဲ့ စကားတွေ အတွက် ရိုးသားတဲ့ ရှင်းပြမှု တခုကို လုပ်ချင်ပါတယ်။ ကျွန်တော့်ရဲ့ အမြင်တွေ မှားယွင်းခဲ့ပါတယ်။ ကျွန်တော်က သူဟာ ကစားသမားကောင်း တယောက် ဆိုတာ သိပါတယ်။ သူက အရမ်းကောင်းတဲ့ ကစားသမား တယောက် ဖြစ်နေလို့လည်း ရီးရဲလ်မက်ဒရစ်လို အသင်းမျိုးမှာ ကာလရှည် ပွဲထွက်ခွင့် ရခဲ့တာပေါ့။ ဒါပေမယ့် သူ့ရဲ့ ဆုံးဖြတ်ချက်က အတော်လေးကို ကြီးမားတဲ့ ဆုံးဖြတ်ချက် တခုပါ။ သူက မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်ကို အလုံးစုံ ပြောင်းလဲသွားစေခဲ့ပါတယ်။ သူ့ကြောင့်ပဲ အဲရစ်ဆင်က လွတ်လွတ်လပ်လပ် ကစားခွင့် ရနေသလို ဖာနန်ဒက်ကလည်း မန်ချက်စတာ ယူနိုက်တက်ဆီ စရောက်တုန်းက ပြသခဲ့တဲ့ ခြေစွမ်းမျိုး ပြန်ရနေပါပြီ” လို့ သူ့ရဲ့ အမှားကို ကိုယ်တိုင် ဝန်ခံသွားခဲ့တာပါ။