MySport Myanmar

ရော်နယ်လ်ဒိုက ဘောလုံး ဘယ်လိုကစားသလဲ ဆိုတာတောင် မသိဘူးလို့ ကာဆာနို ဝေဖန်

ပေါ်တူဂီ စူပါစတား တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဂိုးတွေသာ တဒိုင်းဒိုင်း သွင်းယူနေပေမယ့် ဘောလုံး ဘယ်လိုကစားရသလဲ ဆိုတာကိုတောင် မသိရှိထားဘူးလို့ အီတလီ ဘောလုံးသမားဟောင်း အန်တိုနီယို ကာဆာနိုက ဝေဖန် တိုက်ခိုက်လိုက်ပါတယ်။

ဘာလွန်းဒေါဆုကို (၅)ကြိမ်အထိ ရရှိခဲ့ဖူးပြီး ဘောလုံးသမိုင်းမှာ ဆယ်စုနှစ်ခွဲလောက် လီယွန်နယ် မက်ဆီနဲ့အတူ ဘောလုံးလောကရဲ့ အောင်မြင်မှုတွေ အပြိုင်အဆိုင် ရယူနိုင်ခဲ့တဲ့ ရော်နယ်လ်ဒိုဟာ မကြာသေးခင်ကလည်း ဘောလုံးသမိုင်းတစ်လျှောက် ကစားသမားဘဝ ဂိုး(၉၀၀) ပြည့်မြောက်ခဲ့တဲ့ ပထမဆုံး ဘောလုံးသမားဆိုတဲ့ မှတ်တမ်းသစ်တစ်ခုကို ရေးထိုးနိုင်ခဲ့ပါသေးတယ်။

Photo Credit : Goal

လက်ရှိမှာ အသက် (၃၉)နှစ်အရွယ်တောင် ရောက်နေပေမယ့် အကောင်းဆုံး အနေအထားမှာ ရှိနေအောင် အမြဲ ကြိုးစားနေတဲ့ ရော်နယ်လ်ဒိုဟာ ပေါ်တူဂီနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ပါဝင် ဆင်နွဲသွားဖို့ပါ ဆုံးဖြတ်လို့ထားပြီး သူရဲ့ လက်ရှိကလပ် အယ်လ်နာဆာနဲ့လည်း ဆုဖလား အောင်မြင်မှုတွေကို ရယူသွားချင်နေပါတယ်။

ဒါပေမယ့် ရော်နယ်လ်ဒိုလို ရီးယဲလ်မက်ဒရစ်အသင်းမှာ ပါဝင်ခဲ့ဖူးတဲ့ အီတလီ ကစားသမားဟောင်း ကာဆာနိုကတော့ “ခရစ္စတီယာနို ရော်နယ်လ်ဒိုက ဘောလုံးကစားနည်းကိုတောင် မသိပါဘူး။ သူ ဂိုး(၃၀၀၀)လောက်အထိ သွင်းနိုင်တယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဒါကို ဂရုစိုက်မှာ မဟုတ်သလို သူ့ကိုလည်း နည်းနည်းလေးမှ သဘောမကျပါဘူး။”

Photo Credit : Yahoo! Sports

“ဂွန်ဇာလို ဟီဂွာအင် ၊ ဆာဂျီယို အဂွဲရိုး ၊ ကာရန် ဘန်ဇီမာ ၊ ရောဘတ် လီဝန်ဒေါစကီး ၊ ဇလာတန် အီဘရာဟီမိုဗစ်နဲ့ လူးဝစ် ဆွာရက်ဇ်တို့က အသင်းနဲ့ ဘယ်လို ချိတ်ဆက်ရမလဲဆိုတာ သိကြတယ်။ ဒီကစားသမားတွေက လုပ်ပုုံလုပ်နည်း တော်တော်များများကို သိကြပေမယ့် ရော်နယ်လ်ဒိုကတော့ သူတို့နဲ့မတူပဲ အမြဲတမ်း ဂိုးသွင်းဖို့သာ ရည်မှန်းချက်ထားနေတယ်။” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ (၂)နှစ်ခန့်တုန်းကလည်း ရော်နယ်လ်ဒိုနဲ့ ပတ်သက်ပြီး ကာဆာနိုက ရော်နယ်လ်ဒိုဟာ သူ့အတွက်သာ သူကြည့်တက်တဲ့ လူတစ်ဦးဖြစ်ပြီးတော့ ဒါကို ဆက်မလုပ်တော့တဲ့ တစ်နေ့ကျရင် ဘောလုံးသမားဘဝကနေ အနားယူသွားလိမ့်မယ်လို့ ပြောဆိုခဲ့ပါသေးတယ်။

Exit mobile version