နိုင်ငံတကာ အားကစားခုံရုံး အဖြစ် သတ်မှတ် ခံထားရတဲ့ The Court of Arbitration for Sport(CAS) ဟာ မကြာမီ ရက်ပိုင်းအတွင်းမှာပဲ ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ၂နှစ် ထုတ်ပယ် ခံရမှုအား အယူခံဝင်ထားတဲ့ အင်္ဂလန် နာမည်ကြီး အသင်းဖြစ်တဲ့ မန်စီးတီးအသင်းရဲ့ အယူခံ ရလဒ်ကို ဆုံးဖြတ် ပြီးသွားတော့မှာ ဖြစ်ကြောင်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။ မန်စီးတီး အသင်းဟာ အပြောင်းအရွှေ့ လုပ်ဆောင်ရာမှာ ငွေကြေးများပြားစွာ အသုံးပြုခွင့် ရဖို့အတွက် ဥရောပ ဘောလုံးအဖွဲ့ချုပ်ဖြစ်တဲ့ UEFA က ပြဌာန်းထားတဲ့ ဘဏ္ဏာရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေကို ချိုးဖောက်ကာ ဥပဒေနဲ့ မလျော်ညီတဲ့ ငွေကို လက်ခံခဲ့ကြောင်း ရှာဖွေ စုံစမ်းမိခဲ့တာကြောင့် UEFA ​က ကြီးမှူး ကျင်းပတဲ့ ဥရောပပြိုင်ပွဲတွေကို ဝင်ရောက် ကစားခွင့် ၂နှစ် ပိတ်ပင်ခံခဲ့ရပါတယ်။

Photo Credit: Express

မန်စီးတီးအသင်း ကတော့ UEFA ရဲ့ ပြစ်ဒဏ် ချမှတ်မှုဟာ တရားမမျှတဘူးလို့ ယူဆခဲ့တာ ကြောင့် UEFA ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး အပြည်ပြည်ဆိုင်ရာ အားကစားခုံရုံး CAS ဆီမှာ အယူခံဝင်ခဲ့ပါတယ်။ လက်ရှိမှာတော့ CAS ဟာ မန်စီးတီးအသင်းနဲ့ UEFA တို့ရဲ့ ကိစ္စရပ်ကို စစ်ဆေးစုံစမ်းမှုတွေ ပြုလုပ်ခဲ့တာဟာ ပြီးဆုံး သွားပြီ ဖြစ်ကြောင်းနဲ့ လာမယ့် ဇူလိုင်လ ၁၃ရက်နေ့မှာ ဆုံးဖြတ်ချက် ချမှတ်မှာ ဖြစ်တယ် လို့ အတည်ပြုထားခဲ့ပါတယ်။ အင်္ဂလန် သတင်းစာတွေရဲ့ အဆိုအရတော့ မန်စီးတီးအသင်း ဟာ CAS ရဲ့ အမိန့်ချမှုကို Online ကနေ တဆင့်ပဲ ကြားနာသွားဖို့ ရှိကြောင်းနဲ့ UEFA ရဲ့ ပွဲပယ် ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရဖို့ ယုံကြည်နေကြောင်းလည်း သိရှိရပါတယ်။

Photo Credit: Express

မန်စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာ ကလည်း မန်စီးတီးအသင်းရဲ့ အယူခံဟာ အောင်မြင်ပြီး ပွဲပယ်ပြစ်ဒဏ်ကနေ ကင်းလွတ် နိုင်မယ်လို့ ယုံကြည်ထားကြောင်း ပြီးခဲ့တဲ့ ယမန်နေ့က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖြေဆို သွားခဲ့ပါတယ်။ ဂွာဒီယိုလာက ” ဒီအယူခံမှုဟာ အောင်မြင်လိမ့်မယ်လို့ ကျွန်တော် အပြည့်အဝ ယုံကြည်ထားပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အသင်းဘက်ကနေပြီး လာမယ့် ဘောလုံးရာသီမှာ ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်မှာ ရှိနေမှာဆိုပြီး အကြောင်းကြားထားလို့ပါ ” လို့ ဖြေဆိုသွားခဲ့တာပါ။ လက်ရှိမှာတော့ အဆိုပါကိစ္စ အပေါ် ပရိသတ်တွေရော ၊ မန်စီးတီးအသင်းရဲ့ ပြိုင်ဘက် အသင်းတွေကပါ စိတ်ဝင်စားနေကြပြီး FFP စည်းမျဉ်းကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲ ခံထားရတဲ့ အသင်းတစ်သင်းရဲ့ အယူခံဝင်မှုဟာ အောင်မြင်မလား ၊ မအောင်မြင်ဘူးလားဆိုတာကို တော့ ဇူလိုင် ၁၃ရက်နေ့(တနင်္လာနေ့) မှာ ဆက်လက် စောင့်ကြည့်သွားရမှာပါ။