စပို့တင်းလစ္စဘွန်းအသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာပဲ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့အတူ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းထံကို ပြောင်းရွှေ့လာခဲ့သူပါ။

Photo Credit: Mirror.com

မန်ယူအသင်းဆီ ရောက်ရှိပြီး မကြာခင်မှာပဲ သူ့ရဲ့ပွဲဦးထွက်ကို ဝုဗ်အသင်းနဲ့ ကစားခွင့် ရရှိခဲ့ပြီး အထိုက်အလျောက် ခြေစွမ်းကောင်းတွေကို ထုတ်ပြနိုင်ခဲ့တဲ့ ဖာနန်ဒက်စ်ဟာ လက်ရှိမှာတော့ စပိန်နိုင်ငံမှာ မန်ယူအသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်နေပြီလည်း ဖြစ်ပါတယ်။ ဒါပေမယ့် စပို့တင်းအသင်းရဲ့ နည်းပြဟောင်း ဖြစ်သူ ကာဗာဟယ်က ဖာနန်ဒက်စ်နဲ့ ပတ်သတ် ပြီး မန်ယူအသင်းကို သတိပေးမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

Photo Credit: Mirror.com

စပို့တင်းအသင်းမှာ ဖာနန်ဒက်စ်ကို အသင်းရဲ့ အဓိက ကစားသမားဖြစ်လာအောင် စတင် နေရာပေးခဲ့တဲ့ နည်းပြဟောင်း ကာဗာဟယ်က ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ပရိသတ်တွေ မျှော်လင့်ထားကြသလို နံပါတ်၁၀နေရာမှာ ကစားတတ်တဲ့ ကွင်းလယ်တိုက်စစ်ကစားသမား မဟုတ်ကြောင်းနဲ့ ဖာနန်ဒက်စ်ဟာ Box to Box ကစားသမားသာဖြစ်ကြောင်း သတိပေး စကားဆိုသွားခဲ့ပါတယ်။

Photo Credit: Mirror.com

ဖာနန်ဒက်စ်နဲ့ ပတ်သတ်ပြီး ကာဗာဟယ်က ” ဖာနန်ဒက်စ်ဟာ နံပါတ်၁၀နေရာမှာ ကစားတဲ့သူ မဟုတ်ပါဘူး။ သူဟာ ကိုယ့်အသင်းရဲ့ ဂိုးဧရိယာနဲ့ သူများအသင်းရဲ့ ဂိုးဧရိယာကြားမှာ ပြေးလွှားကစားတတ်သူပါ။ သူဟာ ဂိုးတွေသွင်းမယ် ၊ ဂိုးဖန်တီးမှုတွေ ပြုလုပ်မယ်။ ဒါပေမယ့် သူဟာ နံပါတ်၈ နေရာမှာ ကစားတတ်သူပါ။ Box to Box ကစားသမားပေါ့ ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့တာပါ။