MySport Myanmar

ကလေးတွေက သူ့ကို ချယ်လ်ဆီးအသင်းဆီ ပြောင်းတယ်လို့ ထင်ခဲ့သေးကြောင်း ကာရိုး ဆို

တစ်ချိန်က နယူးကာဆယ် လီဗာပူးလ်နဲ့ ဝက်စ်ဟမ်းတို့ရဲ့ တိုက်စစ်မှူးဟောင်း အန်ဒီ ကာရိုးလ်ဟာ အင်္ဂလန်အဆင့်ခြောက်တန်း ကလပ်တစ်ခုဖြစ်တဲ့ ဒါဂန်ဟမ်နဲ့ ရက်ဒ်ဘရစ်ချ်အသင်းဆီသို့ အံ့အားသင့်ဖွယ် ပြောင်းရွှေ့သွားပြီးနောက် သူ့ရဲ့ကလေးတွေက ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့တယ်လို့ ထင်မှတ်နေကြကြောင်း နောက်ပြောင်ပြောကြားလိုက်ပါတယ်။

အသက်(၃၆)နှစ်အရွယ် တိုက်စစ်မှူးကြီးဟာ လာမယ့်ရာသီမှာ National League South ပြိုင်ပွဲတွင် ပါဝင်ကစားသွားမှာ ဖြစ်ပါတယ်။ သူပြောင်းရွှေ့သွားတဲ့ အက်ဆက်စ်အခြေစိုက်ကလပ်ကို ကာတာရင်းနှီးမြှုပ်နှံမှုအုပ်စုတစ်ခုက ဝယ်ယူလိုက်ကြောင်းလည်း မနေ့ညက အတည်ပြုကြေညာခဲ့ပါတယ်။

Photo Credit : The Mirror

အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်း ကာရိုးလ်ဟာ ပြီးခဲ့တဲ့လကုန်ပိုင်းက ပြင်သစ်အဆင့်လေးတန်းကလပ် ဘော်ဒိုးအသင်းကနေ ထွက်ခွာခဲ့ပြီးနောက် အခုအခါ အင်္ဂလန်မြေကို ပြန်လည်ရောက်ရှိလာတာပါ။ ဒါဂန်ဟမ်အသင်းမှာ ရင်းနှီးမြှုပ်နှံမှုပါ ပြုလုပ်ထားတဲ့ ကာရိုးလ်က “ဒါဂန်ဟမ်နဲ့အတူ အလုပ်စလုပ်ဖို့ ကျွန်တော် တကယ်ကို စိတ်လှုပ်ရှားနေပါတယ်။”

“ကျွန်တော့်ကလေးတွေက ကျွန်တော် ချဲလ်ဆီးကို ပြောင်းတယ်ထင်နေကြတာ သူတို့တော့ တော်တော်အံ့သြသွားမှာပဲ။ ဒီနေရာက သိပ်ကောင်းပြီး ကျွန်တော့်ကလေးတွေနဲ့လည်း နီးတော့ သူတို့ ကျွန်တော်ကစားတာကို လာကြည့်လို့ရတာပေါ့။ ဘော်ဒိုးမှာ ကစားရတာကို အရမ်းပျော်ခဲ့ပေမယ့် အခုတော့ မိသားစုနဲ့အတူ အခြေကျရမယ့်အချိန်ပါပဲ။ ကျွန်တော့်ကလေးတွေက သူတို့သူငယ်ချင်းတွေကိုခေါ်ပြီး ကျွန်တော်ကစားတာ လာကြည့်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

Photo Credit : talkSPORT

“ဘောလုံးကစားတာကို မရပ်တန့်ချင်သေးပါဘူး။ အသင်းရဲ့ခေါင်းဆောင်ပိုင်းမှာ ပါဝင်ပြီး ကစားသမားတစ်ယောက်အနေနဲ့လည်း ကစားရမှာဖြစ်လို့ အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော့်မှာ အဆင့်အတန်းအမျိုးမျိုးက ကလပ်တွေ ဘယ်လိုလည်ပတ်လဲဆိုတဲ့ အတွေ့အကြုံတွေရှိပါတယ်။ ကျွန်တော် တန်ဖိုးရှိတဲ့အရာတွေ ဖြည့်ဆည်းပေးနိုင်မယ်လို့ ထင်ပါတယ်။”

“ပထမဆုံးအလုပ်ကတော့ ကစားသမားအဖြစ် ကစားပြီး အသင်းကို တန်းတက်အောင် ကူညီပေးဖို့ပါပဲ။ ကျွန်တော့်ကို ပိုက်ဆံအများကြီးပိုပေးပြီး ကမ်းလှမ်းတဲ့ ကလပ်တွေရှိခဲ့ပေမယ့် ဒါဂန်ဟမ်က ကျွန်တော်တကယ်ကို ပါဝင်ချင်တဲ့ ပရောဂျက်တစ်ခုဆိုတာ သိလိုက်ရတယ်။ ကျွန်တော့်ရဲ့ အတွေ့အကြုံနဲ့ နောက်ခံသမိုင်းကိုသုံးပြီး ကစားသမားတွေနဲ့ ဝန်ထမ်းတွေကို တတ်နိုင်သလောက် ကူညီချင်ပါတယ်။ ပြင်သစ် အီတလီ စပိန်က ကလပ်တွေဆီက ကမ်းလှမ်းမှုတွေ ရခဲ့ပေမယ့် အိမ်ပြန်ချင်ခဲ့တာပါ။ ထိပ်တန်းကလပ်တစ်သင်းအတွက် ကစားလို့ရပေမယ့် ကျွန်တော်နဲ့ မန်နေဂျာတွေနဲ့ အမြင်မတူတာတွေ ဖြစ်နိုင်တယ်။ ဒါကြောင့် ကျွန်တော် ပျော်ရွှင်ရမယ့်နေရာမျိုးမှာပဲ နေချင်တော့တယ်။” လို့ သူက ရှင်းပြခဲ့ပါတယ်။

Exit mobile version