ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြ အဖြစ် တာဝန်ယူထားတဲ့ မိုက်ကယ် ကာရစ် ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၃-၂ အာဆင်နယ် ပွဲစဉ်အပြီးမှာပဲ အသင်းကနေ ထွက်ခွာကြောင်း တရားဝင် ကြေညာသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် ကစားသမားလည်းဖြစ် ၊ အသင်းရဲ့ နည်းပြတဦး အဖြစ် ကာလရှည် တာဝန်ယူခဲ့တဲ့ ကာရစ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းက နည်းပြ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် အသင်းရဲ့ ယာယီနည်းပြ အဖြစ် ၂ပတ်ကြာအောင် ကိုင်တွယ်ခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: Mirror

အဆိုပါ ၂ပတ် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဗီလာရီးရဲလ်အသင်း ၊ ချယ်လ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ကို ရင်ဆိုင်ခဲ့ရပေမယ့် ကာရစ်က အသင်းကို အကောင်းဆုံး ထိန်းကျောင်းနိုင်ခဲ့ပြီး ၂ပွဲနိုင် ၊ ၁ပွဲသရေ ဆိုတဲ့ မှတ်တမ်းကောင်း တခု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို မန်ချက်စတာ ယူနိုက်တက် အသင်းကိုလည်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တဆင့်ဆီ တက်လှမ်းနိုင်အောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ကာရစ်အနေနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ရန်းဂ်နစ်ရဲ့ လက်အောက်မှာ လက်ထောက်နည်းပြ အဖြစ် ဆက်လက် တာဝန်ယူလိမ့်မယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် ကာရစ်ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြအဖွဲ့ ကနေ နုတ်ထွက်သွားခဲ့ပြီး ယခုလို အသင်းကနေ ထွက်ခွာခဲ့ရတာဟာ မိသားစုကို အချိန်ပေးချင်လို့ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Mirror

ကာရစ်က – “ ဒီအသင်းနဲ့အတူ ရှိနေခဲ့ရတဲ့ အခိုက်အတန့်တိုင်းက ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ် ဘဝမှာ အကောင်းဆုံး အချိန်တွေပါပဲ။ လွန်ခဲ့တဲ့ ၁၅နှစ် ၊ အသင်းနဲ့အတူ စာချုပ် ချုပ်ဆိုခဲ့တဲ့ အချိန်မှာ ဆုဖလားတွေ အများကြီး ရရှိလိမ့်မယ်လို့ စိတ်ကူးတောင် မယဉ်ရဲခဲ့ပါဘူး။ အခုတော့ ကျွန်တော်က ဆုဖလားပေါင်း များစွာကို ကိုင်မြှောက်နိုင်ခဲ့ပါပြီ။ အသင်းရဲ့ ကစားသမားအနေနဲ့ရော ၊ နည်းပြအဖွဲ့ဝင် အနေနဲ့ပါ လုပ်ကိုင်ခဲ့ရတဲ့ အချိန်တိုင်းက အမှတ်ရစရာ အချိန်တွေချည်းပါပဲ။ ဒါပေမယ့် သေသေချာချာ တွေးတော စဉ်းစားပြီးနောက် ဒီအချိန်က အသင်းကနေ ထွက်ခွာဖို့ အသင့်တော်ဆုံး အချိန်ပဲလို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော်က ကစားသမားတွေ အားလုံးနဲ့ အသင်းရဲ့ ဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ပြီးတော့ ရက်ဖ်(ရန်းဂ်နစ်)နဲ့ သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေ ၊ ကစားသမားတွေနဲ့ ပရိသတ်တွေလည်း အနာဂတ်မှာ အကောင်းဆုံး အရာတွေ ရရှိပါစေလို့ ဆုတောင်းပေးပါတယ်။ ကျွန်တော်က အမြဲတမ်း အသင်းရဲ့ ပရိသတ် တဦးအနေနဲ့ ရှိနေမှာပါ” လို့ နှုတ်ဆက်စကား ပြောကြားသွားခဲ့တာပါ။