ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် ကစားသမားလည်းဖြစ် ၊ ယာယီနည်းပြလည်း ဖြစ်တဲ့ မိုက်ကယ်ကာရစ် ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ သရေတမှတ်သာ ရရှိခဲ့လို့ အနည်းငယ် စိတ်ပျက်မိကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်မတိုင်မီ နောက်ဆုံး ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၇ပွဲမှာ ၁ပွဲသာ အနိုင်ရရှိထားတာကြောင့် လတ်တလောမှာ ပုံစံကောင်းတွေ ရနေတဲ့ ချယ်လ်ဆီးအသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရချိန်မှာ ရှုံးနိမ့်လိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် ၁-၁ ဆိုတဲ့ ရလဒ်နဲ့ သရေကျအောင် ကစားနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ချယ်လ်ဆီးအသင်းရဲ့ စတမ်းဖို့ဒ် ဘရေ့ချ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဆိုပါပွဲမှာ ချယ်လ်ဆီးအသင်းဟာ ဧည့်သည် မန်ချက်စတာ ယူနိုက်တက်အသင်းကို ပွဲစပွဲဆုံး ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ဦးဆောင်ဂိုးကို စတင် ရရှိခဲ့တဲ့ အသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်း ဖြစ်ပြီး ဆန်ချိုက ပွဲကစားချိန် မိနစ်၅၀မှာပဲ တန်ပြန်တိုက်စစ် ကနေ တဆင့် မန်ချက်စတာ ယူနိုက်တက် အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာပါ။

ချယ်လ်ဆီးအသင်း အတွက် ချေပဂိုးကိုတော့ ပွဲကစားချိန် ၆၉မိနစ်မှာ ကွင်းလယ်လူ ဂျော်ဂျင်ဟိုက ပင်နယ်တီ ကနေ တဆင့် သွင်းယူပေးခဲ့တာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ယာယီနည်းပြ ကာရစ် ကတော့ သူတို့အသင်း ပေးလိုက်ရတဲ့ ပင်နယ်တီဟာ မပေးသင့်တဲ့ ပင်နယ်တီ တခု ဖြစ်ကြောင်းနဲ့ ဦးဆောင်ဂိုး ရပြီးမှ ချယ်လ်ဆီးအသင်းကို အနိုင်မရခဲ့လို့ စိတ်ပျက်ခဲ့ရကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Sky Sports

ကာရစ်က – “ဒီပွဲကို သရေကျခဲ့လို့ စိတ်ပျက်မိပါတယ်။ ခင်ဗျားက ဒီလိုမျိုး ပွဲကြီးပွဲကောင်း တပွဲကို အဝေးကွင်းမှာ သွားရောက် ကစားရရင် ဦးဆောင်ဂိုး ရပြီးမှ သရေကျသွားတဲ့အခါ စိတ်ပျက်မိမှာ အသေအချာပါပဲ။ ကျွန်တော့်ရဲ့ ကစားသမားတွေ အတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ အားလုံးက ခက်ခဲ ကြမ်းတမ်းတဲ့ ရက်သတ္တပတ် တခုကို ဖြတ်သန်းခဲ့ရပြီး အကောင်းဆုံး ဖြစ်အောင် ကြိုးစားခဲ့ကြပါတယ်။ ကျွန်တော်တို့အသင်းက ခက်ခဲတဲ့ အချိန်ကာလ တခုကို ဖြတ်ကျော်နေရတာပါ။ ကျွန်တော်ကတော့ အသင်းရဲ့ တုံ့ပြန်မှုကို သဘောကျပါတယ်။ ပြီးတော့ ဂုဏ်လည်းယူပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။