ပရီးမီးယားလိဂ် နာမည်ကြီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးတို့ရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သလို လက်ရှိအချိန်မှာ နည်းပြလောကထဲကို ဝင်ရောက်ဖို့ အတွက် ပြင်ဆင်နေတဲ့ မိုက်ကယ် ကာရစ်က မကြာသေးမီကမှ နည်းပြ ဝိုင်ဒါကို ရာထူးကနေ ထုတ်ပယ်ထားတဲ့ ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့ရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေကြောင်း နာမည်ကြီး အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၄၁နှစ် အရွယ် အင်္ဂလန် ကွင်းလယ်လူဟောင်း မိုက်ကယ် ကာရစ်က ကစားသမားဘဝ ကနေ အနားယူပြီးနောက် မန်ချက်စတာ ယူနိုက်တက်ရဲ့ လက်ထောက်နည်းပြ အဖြစ် ၃နှစ် လုပ်ကိုင်ခဲ့သလို အသင်းရဲ့ ယာယီနည်းပြ အဖြစ်လည်း ၃ပွဲ တာဝန်ယူခဲ့ဖူးသူပါ။

Photo Credit: Mirror

မိုက်ကယ် ကာရစ်ဟာ ကစားသမား ဘဝမှာ ရိုးရိုးကုပ်ကုပ် နေတတ်ပေမယ့် ဘောလုံးအမြင်နဲ့ အရည်အသွေးပိုင်းမှာ သံသယဝင်စရာ မလိုတဲ့ ကစားသမား တဦး ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ကို ယာယီနည်းပြအဖြစ်နဲ့ ၃ပွဲ ကိုင်တွယ်ခဲ့ရာမှာလည်း အာဆင်နယ်နဲ့ ဗီလာရီးရဲလ်တို့ကို အနိုင်ယူနိုင်ခဲ့သလို ချယ်လ်ဆီးကိုလည်း အဝေးကွင်းမှာ သရေကျအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ‌ မိုက်ကယ် ကာရစ်က အနာဂတ်မှာ တောက်ပလာနိုင်တဲ့ နည်းပြတွေထဲက တဦး အဖြစ်  သတ်မှတ်ခံထားရပြီး ကာရစ်ကတော့ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာအပြီးမှာ သူ့အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ်ကို စောင့်မျှော်နေပါတယ်။

Photo Credit: Mirror

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့က သူတို့ရဲ့ နည်းပြဖြစ်သူ ဝိုင်ဒါကို ရလဒ်ဆိုးတွေကြောင့် ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် မိုက်ကယ် ကာရစ်အား နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စဉ်းစားနေပြီး မစ်ဒယ်ဘရော့ရဲ့ တာဝန်ရှိသူ တချို့က ကာရစ်ဆီ ဆက်သွယ်မှုတွေ လုပ်ထားသလို ကာရစ်ကလည်း မစ်ဒယ်ဘရော့ကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ကာရစ်နဲ့ နီးစပ်သူ တချို့ကလည်း ကာရစ်ဟာ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ကစားနေရပေမယ့် အရည်အသွေး ရှိတဲ့ ကစားသမား တချို့ကို ပိုင်ဆိုင်ထားတဲ့ မစ်ဒယ်ဘရော့ကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေပြီး လက်ရှိမှာတော့ ကာရစ်ဟာ မစ်ဒယ်ဘရော့ နည်းပြရာထူး အတွက် အင်တာဗျူး တချို့ကို လုပ်ဆောင်နေရကြောင်း ဆိုထားကြပါတယ်။