ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးအသင်းရဲ့ ဂန္တဝင် နောက်ခံလူဖြစ်တဲ့ ကာရေဂါ ကတော့ အဲဗာတန်အသင်းနဲ့ လီဗာပူးအသင်းတို့ ရဲ့ ဂိုးမရှိ သရေပွဲအပြီးမှာ သူ့ရဲ့ အသင်းဟောင်း လီဗာပူးအသင်းဟာ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းသင့်နေပြီလို့ အကြံပြု ပြောဆိုသွားခဲ့ပါတယ်။ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ အဲဗာတန်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ မာဆေးဆိုဒ်ဒါဘီဟာ အင်္ဂလန်နိုင်ငံမှာ ရှိတဲ့ ဒါဘီတွေထဲမှာ အတော်လေး ပြိုင်ဆိုင်မှု ပြင်းတဲ့ ဒါဘီတစ်ခု ဖြစ်ပြီး ယနေ့မနက်ပွဲမှာလည်း နှစ်သင်းစလုံးဟာ တစ်သင်းကို တစ်သင်းက အသာစီးရဖို့အတွက် အတော်လေး ကြိုးစား ရုန်းကန်ခဲ့ကြကာ သွင်းဂိုးတေ​ွ သွင်းယူဖို့ လုပ်ဆောင်ခဲ့ကြပေမယ့် သွင်းဂိုးတွေ ပျောက်ဆုံး နေခဲ့ပြီး ဂိုးမရှိသရေရလဒ်ကိုသာ ရရှိခဲ့ပါတယ်။

Photo Credit: Express

အဲဗာတန်အသင်းရဲ့ ဂွတ်ဒီဆန်ပါ့ခ်ကွင်းထဲမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ အဲဗာတန် အသင်းဘက်က ရစ်ချာလီဆင် ၊ လီဝင် ၊ အီဝိုဘီ ၊ အန်ဒရီဂိုမက်စ် ၊ ပစ်ဖို့ဒ်စတဲ့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး လီဗာပူး အသင်းဘက်ကလည်း ​တိုက်စစ်မှူး ဆာလက် ၊ ဘယ်နောက်ခံလူ ရော်ဘက်ဆန်တို့ရဲ့ နေရာမှာ မီနာမီနို ၊ မီလ်နာတို့ကို ကစားခိုင်းခဲ့တာက လွဲပြီး အဓိက ကစားသမား အစုံအလင်နဲ့ ပွဲကို ယှဉ်ပြိုင် ကစားခဲ့ပါတယ်။ ပွဲချိန်အတွင်းမှာတော့ လီဗာပူးအသင်းဟာ အဲဗာတန်အသင်းကို သိသိသာသာ အသာစီး ရယူနိုင်ခဲ့ပေမယ့် အဲဗာတန်အသင်းရဲ့ ကျစ်လျစ်တဲ့ ခံစစ်ကြောင်းနဲ့ လက်စွမ်းပြခဲ့တဲ့ ပစ်ဖို့ဒ်ကြောင့် ဂိုးမရှိ သရေပွဲ တစ်ခုကိုသာ ပိုင်ဆိုင်ခဲ့ရတာပါ။ အဆိုပါပွဲစဉ် ပြီးဆုံးချိန်မှာတော့ ကာရေဂါက လီဗာပူး အသင်းဟာ နောက်ထပ် တိုက်စစ် ကစားသမား တစ်ဦးကို ထပ်မံ ဝယ်ယူသင့်တယ်လို့ အကြံပေး စကား ဆိုသွားခဲ့ပါတယ်။

Photo Credit: Express

တိုက်စစ် ကစားသမားတစ်ဦး ထပ်မံ ဝယ်ယူ သင့်တဲ့ အကြောင်းကို ကာရေဂါက ” လီဗာပူးရဲ့ တိုက်စစ် နေရာမှာ ရှိနေတဲ့ သုံးဦးတွဲ တိုက်စစ် ဟာ ဥရောပမှာ ရှိတဲ့ ဘယ်အသင်းကို မဆို ယှဉ်နိုင်တယ်ဆိုတာ ကျွန်တော် သိထားပြီးသားပါ။ ဒါပေမယ့် သူတို့ထဲက တစ်ယောက်ယောက် ကသာ မကစားနိုင်ခဲ့ရင် သူတို့ရဲ့ ကစားပုံက အတော်လေး ကျဆင်းသွားပါတယ်။ ဒီရာသီရဲ့ အစပိုင်းမှာ လီဗာပူးအသင်းနဲ့ မန်ယူအသင်းတို့ တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲတုန်းက ဆာလက် မပါနိုင်ခဲ့တဲ့ အကြောင်းကို ကျွန်တော် အမှတ်ရနေမိပါတယ်။ သူတို့သုံးယောက်ဟာ တော်ရုံတန်ရုံနဲ့ ပွဲတေ​ွကို မလွဲချော်တတ်တာ သိပေမယ့် သူတို့ လွဲချော်ခဲ့ရင်လည်း အသင်းအတွက် ကြီးမားတဲ့ နစ်နာမှုတစ်ခု ဖြစ်စေပါတယ်။ ဒါ့ကြောင့် လီဗာပူးအသင်းဟာ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းသင့်တယ်လို့ ကျွန်တော် ထင်နေတာပါ။ အော်ရီဂီဟာ လီဗာပူးအသင်းရဲ့ ဂန္တဝင် ကစားသမားတစ်ဦးပါ။ သူဟာ အရေးပါတဲ့ ဂိုးတွေကိုလည်း သွင်းယူပေးတတ်တဲ့ တိုက်စစ်မှူး တစ်ဦးပါ။ ဒါပေမယ့် သူ့မှာ လီဗာပူးအသင်း လိုအပ်တဲ့ အရည်အချင်းတွေ မရှိသေးပါဘူး ” လို့ အကြံပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။