MySport Myanmar

လီဗာပူးလ်အနေနဲ့ တုန်လှုပ်စရာကောင်းတဲ့ ခံစစ်ကို ပြင်ရမယ်လို့ ကာရေဂါ သတိပေး

လီဗာပူးလ်အသင်းရဲ့ နောက်ခံကစားသမားဟောင်းကြီး ဂျေမီ ကာရေဂါက ဘုန်းမောက်အသင်းကို ၄-၂ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ မြင်တွေ့ခဲ့ရတဲ့ အသင်းရဲ့ ခံစစ်ကစားပုံကို “မယုံနိုင်စရာ”၊ “လုံးဝကို တုန်လှုပ်စရာကောင်းလောက်အောင် ညံ့ဖျင်းတယ်” လို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး ဒီလိုခြေစွမ်းနဲ့သာဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်မှာ မဟုတ်ဘူးလို့ သတိပေးပြောကြားလိုက်ပါတယ်။

သောကြာနေ့ညက အန်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရာသီအဖွင့်ပွဲစဉ်မှာ လီဗာပူးလ်အသင်းဟာ ဖယ်ဒရီကို ခီယေဆာနဲ့ မိုဟာမက် ဆာလာတို့ရဲ့ ပွဲချိန်နှောင်းပိုင်း သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပေမယ့် ဘုန်းမောက်အသင်းရဲ့ တိုက်စစ်ကို ထိန်းချုပ်ဖို့ အတော်လေး ရုန်းကန်ခဲ့ရပါတယ်။ ပထမပိုင်းနဲ့ ဒုတိယပိုင်းအစမှာ ဟူဂို အီကီတီကီနဲ့ ကိုဒီ ဂတ်ပိုတို့က လီဗာပူးလ်အတွက် ဦးဆောင်ဂိုးတွေ သွင်းယူပေးခဲ့ပေမယ့် ဘုန်းမောက်တိုက်စစ်မှူး အန်ထရန် ဆီမန်ယိုက အချိန်တိုအတွင်း နှစ်ဂိုးဆက်တိုက် သွင်းယူပြီး ချေပခဲ့တာကြောင့် လီဗာပူးလ်တို့ အခက်တွေ့ခဲ့ရပါတယ်။

Photo Credit : Sky Sports

ဆီမန်ယို သွင်းယူခဲ့တဲ့ ဂိုးနှစ်ဂိုးစလုံးဟာ လီဗာပူးလ်အသင်း တန်ပြန်တိုက်စစ်မိသွားခဲ့ရာကနေ ပေးခဲ့ရတာဖြစ်ပြီး ဒုတိယဂိုးမှာဆိုရင် ဘုန်းမောက်တိုက်စစ်မှူးဟာ ကွင်းတစ်ဝက်ကျော်နီးပါး တစ်ဦးတည်းဆွဲပြေးပြီး သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ကာရေဂါကတော့ ဒီဂိုးတွေပေးခဲ့ရမှုမှာ နောက်ခံလူ အီဘရာဟီမာ ကိုနာတေးရဲ့ ညံ့ဖျင်းတဲ့ ခံစစ်ကစားပုံကြောင့်လို့ ထောက်ပြဝေဖန်ခဲ့ပါတယ်။

Sky Sports ရဲ့ Friday Night Football အစီအစဉ်မှာ ကာရေဂါက “ဒါက မယုံနိုင်စရာပါပဲ။ ဆီမန်ယိုက ကောင်းပါတယ်၊ ဒါပေမဲ့ လီဗာပူးလ်မှာ ဒီပြဿနာ အရင်ကတည်းက ရှိနေခဲ့တာပါ။ ၂-၁ နဲ့ နိုင်နေတဲ့အချိန်မှာ ဘောလုံးရဲ့ရှေ့ကို ကစားသမား ဘယ်နှယောက်များ ရောက်နေခဲ့လဲ၊ ရှစ်ယောက်လောက်တောင် ရှိမယ်။ ဒီလိုအဆင့်မှာ ဒီလိုဖြစ်ရပ်မျိုးက လုံးဝမဖြစ်သင့်ပါဘူး။ တုန်လှုပ်စရာကောင်းလောက်အောင် ဆိုးရွားပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

Photo Credit : Football365

“ဆီမန်ယိုက အဲ့ဒီလောက်အဝေးကြီးကနေ ဆွဲပြေးပြီး ကန်သွင်းခွင့်ရသွားတာက မယုံနိုင်စရာပဲ။ ဒါပေမဲ့ ကိုနာတေးက ဘယ်ရောက်နေလဲ။ သူ ဒီည ဗဟိုနောက်ခံလူနေရာမှာ တကယ်ကို ညံ့ဖျင်းတဲ့ ခြေစွမ်းပြခဲ့ပါတယ်” လို့ သူက ထပ်လောင်းပြောဆိုခဲ့ပါတယ်။ ကာရေဂါက လီဗာပူးလ်ရဲ့ ခံစစ်ဟာ ရာသီကြိုကာလကတည်းက ညံ့ဖျင်းနေခဲ့ကြောင်း ထောက်ပြခဲ့ပါတယ်။ အေစီမီလန်ကို ၄-၂ နဲ့ ရှုံးခဲ့တဲ့ပွဲ၊ ဘီလ်ဘာအိုနဲ့ပွဲ ကွန်မြူနတီဒိုင်းမှာ ခရစ္စတယ် ပဲလေ့စ်တို့ကို နှစ်ဂိုးစီပေးခဲ့ရတဲ့ပွဲတွေမှာလည်း အလားတူဂိုးတွေ ပေးခဲ့ရတာကို ဥပမာပေးခဲ့ပါတယ်။

လီဗာပူးလ်ဟာ သောကြာနေ့ကပဲ ပါးမားနောက်ခံလူ ဂျီယိုဗန်နီ လီယိုနီကို ပေါင် (၂၆)သန်းနဲ့ ခေါ်ယူခဲ့သလို ပဲလေ့စ်အသင်းခေါင်းဆောင် မာ့ခ် ဂူဟီကိုလည်း ပစ်မှတ်ထားနေပါတယ်။ ဒါပေမဲ့ ကာရေဂါကတော့ နောက်ခံလူသစ်တစ်ဦး ခေါ်ယူရုံနဲ့ လီဗာပူးလ်ရဲ့ အဓိကပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။ “ဒါက အာနီ ဆလော့ ဖြေရှင်းရမယ့် ပြဿနာတစ်ခုဆိုတာ သေချာပါတယ်။ လူတွေက နောက်ခံလူသစ်တစ်ယောက်လိုတယ်လို့ ပြောကြတယ်။ နောက်ခံလူသစ်တစ်ယောက်က ဒီပြဿနာကို ဖြေရှင်းပေးနိုင်မှာမဟုတ်ပါဘူး။ သူက ကိုနာတေးနေရာကို ဝင်ကစားရုံပဲရှိမှာပါ။ ပြဿနာက အသင်းရဲ့ တည်ဆောက်ပုံမှာ ရှိနေတာပါ။ တိုက်စစ်လိုက်ပါမှုအားသန်တဲ့ နောက်ခံအစွန်လူနှစ်ယောက်နဲ့ ခံစစ်ထက် ဘောလုံးရဖို့ကိုပဲ ပိုစိတ်ဝင်စားတဲ့ နံပါတ် ၁၀ ကစားသမားမျိုး (ပြီးခဲ့တဲ့ရာသီက ဆိုဘိုစလိုင်းလို) နဲ့ ဖွဲ့စည်းထားတဲ့ပုံစံကြောင့်ပါ။ လီဗာပူးလ်သာ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် သူတို့ လိဂ်ဖလားရလိမ့်မယ်လို့ ကျွန်တော်မထင်ဘူး။” လို့ ကာရေဂါက သူ့ရဲ့သုံးသပ်ချက်ကို နိဂုံးချုပ်ခဲ့ပါတယ်။

Exit mobile version