လီဗာပူးလ်အသင်းရဲ့ ကစားသမားဟောင်း ကာရေဂါက လာမယ့် ရာသီသစ်မှာ လီဗာပူးလ်အသင်း ပရီးမီးယားလိဂ် ဆုဖလား ပြန်ရတာ လိုချင်ပေမယ့်လည်း တစ်သင်းသင်းက ပြီးခဲ့တဲ့ ရာသီကိုလိုမျိုး ရမှတ်ဖြတ် ဦးဆောင်ပြီး ဆုဖလား ရရှိတာကိုတော့ မမြင်ချင်ပါဘူးလို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ကလော့ပ်ရဲ့လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ဖလားကို လက်ကျန် ပွဲစဉ် (၇) ပွဲ ကစားဖို့ လိုအပ်နေသေးတဲ့ အချိန်မှာ ရရှိခဲ့တာ ဖြစ်ပြီး ရာသီကုန်တဲ့ အချိန်မှာလည်း အဆင့် (၂) နေရာက မန်စီးတီးအသင်းကို ရမှတ် (၁၈) မှတ် ဖြတ်သွားနိုင်ခဲ့ပါတယ်။

 

Photo Credit: Goal

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ရမှတ် (၉၉) မှတ် ရရှိခဲ့တာကြောင့် ရမှတ် (၁၀၀) နီးပါးကို ရရှိခဲ့ပြီး လက်ရှိမှာတော့ လီဗာပူးလ်အသင်းဆီကနေ ပရီးမီးယားလိဂ် ဆုဖလားကို လက်တွဲရယူဖို့ အတွက် နည်းပြလမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းက ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်နေပါတယ်။ လီဗာပူးလ်အသင်းဟာ ပထမဆုံး အကြိမ် ရရှိခဲ့တဲ့ ပရီးမီးယားလိဂ် ဖလားကို ကာကွယ်ဖို့အတွက် အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်ပြီး လီဗာပူးလ် ကစားသမားဟောင်း ကာရေဂါကတော့ လာမယ့် ရာသီသစ်မှာလည်း လီဗာပူးလ်အသင်း ပရီးမီးယားလိဂ် ပြန်ရတာ မြင်ချင်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

TEAMtalk မှာ ကာရေဂါက “ကျွန်တော်က လီဗာပူးလ် ပရိသတ်ပါ။ သူတို့ ပရီးမီးယားလိဂ် ဖလား ပြန်ရတာကို မြင်ချင်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်ကလိုမျိုး မဖြစ်စေချင်ပါဘူး။ ကျွန်တော်တို့က ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပြိုင်ပွဲကို မြင်ချင်ပြီး လိုအပ်ပါတယ်။ အခြားအသင်းတွေက လီဗာပူးလ်ကို ပိုနီးကပ်လာတာ မြင်ချင်ပါတယ်။ ဘာလို့လဲဆိုရင် ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်လာဖို့ လိုအပ်ပါတယ်။ ကျွန်တော် လီဗာပူးလ်အသင်း လိဂ်ဖလား ရရှိချင်တာကို လိုချင်ပေမယ့် ဘယ်အသင်းကိုမှ ရမှတ် (၂၀) ဒါမှမဟုတ်ရင် (၃၀) ဖြတ်ဦးဆောင်ဖို့ မလိုချင်ဘူး။ အသင်းတွေကို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဆုဖလား ပြိုင်ပွဲမှာ မြင်ချင်ပါတယ်။ ရာသီကုန် နောက်ဆုံးရက်မှာ ဖလား ရရှိတာ ဖြင်ချင်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ရရှိခဲ့တဲ့ ရမှတ်ထက် နည်းပြီး ဆုဖလား ရရှိစေချင်ပါတယ်”လို့ ပြောသွားပါတယ်။