ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ ကာရေဂါ ကတော့ ပရီးမီးယားလိဂ်ရဲ့ လန်ဒန်အခြေစိုက် နာမည်ကြီး အသင်းတွေ ဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ စပါးအသင်းတို့ဟာ အသင်းကြီးတွေ မဟုတ်တော့ဘူးလို့ သုံးသပ် ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းနဲ့ စပါးအသင်းတို့ဟာ ယခုတပတ်မှာ ထိပ်တိုက် တွေ့ဆုံနေကြပြီး သူတို့နှစ်သင်း ကစားတဲ့ ပွဲကို မြောက်လန်ဒန်ဒါဘီလို့ တင်စားကြကာ မြောက်လန်ဒန်ဒါဘီဟာ ပရီးမီးယားလိဂ်ရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဒါဘီတွေထဲက တခုပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

ဒါပေမယ့် အာဆင်နယ်အသင်းနဲ့ စပါးအသင်းတို့ဟာ ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရတဲ့ အသင်းတွေ ဖြစ်တာကြောင့် မြောက်လန်ဒန်ဒါဘီနဲ့ ပတ်သတ်ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု လျော့ကျနေပါတယ်။ လက်ရှိမှာတော့ စပါးအသင်းဟာ ရမှတ် ၉မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့်၇နေရာမှာ ရှိနေပြီး အာဆင်နယ်အသင်း ကတော့ ရမှတ် ၆မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့်၁၃နေရာကို ရောက်ရှိနေပါတယ်။

ဒါကြောင့်လည်း ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင် နောက်ခံလူ ကာရေဂါက အာဆင်နယ်အသင်းနဲ့ စပါးအသင်းတို့ဟာ အသင်းကြီးတွေ မဟုတ်တော့ပဲ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အသင်းကြီးတွေဟာ မန်ချက်စတာ စီးတီး ၊ မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီးနဲ့ လီဗာပူးတို့သာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Mirror

ကာရေဂါက – “ဒီတပတ် တနင်္ဂနွေနေ့မှာ ကစားမယ့် မြောက်လန်ဒန်ဒါဘီပွဲစဉ်က ပရီးမီးယားလိဂ်မှာ အသင်းကြီး ၆သင်း ရှိတယ် ဆိုတဲ့ အချက် မှားယွင်းနေကြောင်းကို သက်သေပြနေပါတယ်။ အခုဆို ကျွန်တော်တို့မှာ အသင်းကြီး လေးသင်းပဲ ကျန်ပါတော့တယ်။ အာဆင်နယ်အသင်းနဲ့ စပါးအသင်းရဲ့ ပရိသတ်တွေ ကတော့ သူတို့အသင်းတွေ အနေနဲ့ ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း မရှိတော့တာနဲ့ ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့် အနေအထားနဲ့ အတော်လေး အလှမ်းဝေးနေတာကို ကြည့်ပြီး စိုးရိမ်နေလောက်ပါပြီ” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးကရော ကာရေဂါရဲ့ စကားတွေကို လက်ခံကြလားဗျ…။