လီဗာပူးလ်နဲ့ အင်္ဂလန်ကစားသမားဟောင်း ဂျေမီ ကာရေဂါက ချယ်လ်ဆီးအသင်းရဲ့ ကြယ်ပွင့် ကိုးလ် ပါးလ်မာဟာ သူ့ပတ်ဝန်းကျင်က အသင်းဖော်တွေရဲ့ အရည်အသွေးပိုင်း အားနည်းမှုကြောင့် စိတ်ပျက်နေပုံရတယ်လို့ သုံးသပ်လိုက်ပြီး သူ့ရဲ့အခြေအနေကို လီဗာပူးလ် ဂန္တဝင် စတီဗင် ဂျရတ်ရဲ့ အတွေ့အကြုံနဲ့ နှိုင်းယှဉ် ပြောဆိုလိုက်ပါတယ်။
ကိုးလ် ပါးလ်မာဟာ ချယ်လ်ဆီးကို ပြောင်းလာပြီး အစပိုင်းမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ခြေစွမ်း သိသိသာသာ ကျဆင်းလာခဲ့ပါတယ်။ အခုဆိုရင် သူ ဂိုးမသွင်းနိုင်တာ (၁၇)ပွဲကျော်အထိ ရှိလာပါပြီ။ ဒါဟာ ၂၀၂၃ ခုနှစ်က မန်ချက်စတာ စီးတီးကနေ ပေါင်(၄၂.၅)သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက်ပိုင်း သူ့အတွက် အစမ်းသပ်ခံရဆုံးနဲ့ အခက်ခဲဆုံး ကာလ ဖြစ်နေပါတယ်။
Photo Credit : Goal
ဒါပေမဲ့ ကာရေဂါကတော့ ဒီအခြေအနေအတွက် အပြစ်အားလုံးကို ပါးလ်မာ တစ်ယောက်တည်းအပေါ် ပုံချဖို့ ဆန္ဒမရှိပါဘူး။ သူက ဖေဖော်ဝါရီလတုန်းက ဘရိုက်တန်ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပါးလ်မာရဲ့ ကိုယ်ဟန်အမူအရာကို ထောက်ပြခဲ့ပါတယ်။ ပါးလ်မာဟာ အသင်းဖော်တွေရဲ့ ခြေစွမ်းကြောင့် စိတ်ပျက်မှုတွေ တိုးပွားလာတဲ့ပုံ ပေါ်နေခဲ့ပြီး ဒါဟာ ချယ်လ်ဆီးကလပ်ရဲ့ အုပ်ချုပ်ရေးပိုင်းအတွက် စိုးရိမ်စရာ အချက်ပေးသံတစ်ခု ဖြစ်တယ်လို့ ကာရေဂါက ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ကာရေဂါက – “ဖေဖော်ဝါရီက ချယ်လ်ဆီးအသင်း ဘရိုက်တန်ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ စတန်းဖို့ဒ်ဘရစ်ချ် ဘုတ်အဖွဲ့ဝင်တွေအတွက် အချက်ပေးခေါင်းလောင်းတီးလိုက်သလို ဖြစ်စေခဲ့မယ့် အခိုက်အတန့်တစ်ခု ရှိခဲ့ပါတယ်။ ပါးလ်မာရဲ့ အမူအရာဟာ စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ပုံပါပဲ။ ဒါက ကျွန်တော့်ကို လီဗာပူးလ်မှာ အခက်အခဲတွေ ကြုံတွေ့ခဲ့ရတဲ့ ကာလတွေတုန်းက စတီဗင် ဂျရတ်ကို သတိရစေခဲ့တယ်။ ဂျရတ်ဟာ ကွင်းထဲကို လှည့်ပတ်ကြည့်ပြီး သူ့အသင်းဖော်တွေဟာ လိုအပ်တဲ့ အရည်အသွေးအဆင့်အတန်းမှာ မရှိဘူးဆိုတာကို သိမြင်နေတဲ့ ပုံစံမျိုးပါပဲ။” လို့ ထောက်ပြသွားခဲ့ပါတယ်။
Photo Credit : Goal
ကာရေဂါက ဂျရတ်ဟာ တစ်ချိန်က လီဗာပူးလ်အသင်းရဲ့ ရည်မှန်းချက်တွေက သူ့ရဲ့ရည်မှန်းချက်တွေနဲ့ ကိုက်ညီမှု ရှိရဲ့လားလို့ မေးခွန်းထုတ်ခဲ့ဖူးတာကို ပြန်လည် အမှတ်ရစေခဲ့ပါတယ်။ အဲ့ဒီစိတ်ခံစားချက်ကြောင့် ဂျရတ်ဟာ ၂၀၀၃ ခုနှစ်နဲ့ ၂၀၀၅ ခုနှစ်ကြားကာလတွေမှာ ချယ်လ်ဆီးကို ပြောင်းရွှေ့ဖို့ အလွန်နီးစပ်ခဲ့ဖူးပါတယ်။ အပြောင်းအရွှေ့က လက်တွေ့ဖြစ်မလာခဲ့ပေမယ့် ချယ်လ်ဆီးဘက်ကတော့ ဂျရတ်ကို ခေါ်ယူဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်။ ကာရေဂါရဲ့ အဆိုအရ ဂျရတ်ဟာ အန်ဖီးလ်မှာ အောင်မြင်မှုအတွက် လမ်းကြောင်းတစ်ခုကို မြင်တွေ့နေသေးတာကြောင့်သာ လီဗာပူးလ်မှာ ဆက်နေခဲ့တာဖြစ်ပြီး အဆုံးမှာတော့ ၂၀၀၅ ခုနှစ်ရဲ့ နာမည်ကျော် ချန်ပီယံလိဂ် အောင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။
“ဂျရတ်က သူ ကလပ်အသင်းမှန်မှာ ရှိနေရဲ့လားလို့ သူ့ကိုယ်သူ ပြန်မေးခွန်းထုတ်လာတယ်။ ဒါကြောင့် ချယ်လ်ဆီးက ၂၀၀၃ ကနေ ၂၀၀၅ ကြား (၃)နွေဆက်တိုက် သူ့ကို ခေါ်ဖို့ ကြိုးစားခဲ့တယ်။ (၂)ကြိမ်ဆို တော်တော်လေး နီးစပ်ခဲ့တယ်။ ဘယ်လိုလုပ်ပြီး ဘာကြောင့်လဲ။ လီဗာပူးလ်က ရောင်းချင်လို့ မဟုတ်ဘူး။ လီဗာပူးလ်က ငွေကြေးဖိအားကြောင့် ရောင်းရမှာမို့လို့ မဟုတ်ဘူး။ ကျွန်တော်တို့ ကပ္ပတိန်နဲ့ အကောင်းဆုံးကစားသမားက လန်ဒန်ကို ပြောင်းဖို့ ငယ်ဘဝအိပ်မက် ရှိခဲ့လို့ မဟုတ်ဘူး။ ကလပ်က သူတို့ စူပါစတားကို ဆက်ထိန်းဖို့ မကြိုးစားဘဲ နေလို့ မဟုတ်ဘူး။ အပြောင်းအရွှေ့ ဖြစ်လုနီးပါး ဖြစ်ခဲ့ရတဲ့ အဓိကအကြောင်းရင်းက ကမ္ဘာ့အဆင့် ကစားသမားတွေဟာ သာမန်အဆင့်လောက်နဲ့ ကျေနပ်နေတဲ့ အခြေအနေကို အကြာကြီး သည်းမခံနိုင်လို့ပဲ။ ကစားသမားဘဝက တိုတောင်းတယ်။ ရည်မှန်းချက်ကြီးပြီး ကိုယ့်အရည်အသွေးတွေ အလဟဿ ဖြစ်နေတယ်လို့ ခံစားရတဲ့သူတွေက စောင့်မနေနိုင်ဘူး။ သူတို့က ရေရှည်စီမံကိန်း ဆိုတာတွေကို စိတ်မဝင်စားဘူး။ ရာသီတစ်ခုပြီးတိုင်း သူတို့ ပြောင်းသင့် မပြောင်းသင့် ကိုယ့်ဘာသာ ဆုံးဖြတ်ကြတယ်။ လီဗာပူးလ်အတွက် ကံကောင်းစွာပဲ ဂျရတ်က ၂၀၀၅ မှာ ချန်ပီယံလိဂ်ဖလားရအောင် ကျွန်တော်တို့ကို စိတ်ဓာတ်မြှင့်တင်ပေးခဲ့ပြီး နောက်(၄)နှစ်လောက်အထိ ကျွန်တော်တို့က တကယ့်ပြိုင်ဘက်ကောင်းတွေ ဖြစ်ခဲ့တယ်” လို့ ကာရေဂါက ရှင်းပြခဲ့ပါတယ်။