လီဗာပူး အသင်းရဲ့ အဓိက တိုက်စစ် ကစားသမား တစ်ဦး ဖြစ်တဲ့ မိုဟာမက် ဆာလက် ဟာ ရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် ဘာစီလိုနာ အသင်းထံကို ပြောင်းရွှေ့လိမ့်မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာအပြီးမှာတော့ သူ့ အနေနဲ့ လီဗာပူး အသင်းဆီကနေ အကျိုးအမြတ်များမယ့် စာချုပ်မျိုး ချုပ်ဆိုချင်နေတာ ဖြစ်နိုင်ကြောင်း ဂျေမီ ကာရေဂါ က ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ထုတ်လွှတ်ခဲ့တဲ့ စပိန်အသံလွှင့်ဌာန တစ်ခုရဲ့ အင်တာဗျုးမှာတော့ ဆာလက်က သူ့အနေနဲ့ လာလီဂါ အသင်းကြီး နှစ်သင်းဆီကို ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းဟာ မမှန်ကန်ကြောင်း နဲ့ မစ်ဂျေးလန်း နဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ခွင့်မရတဲ့ အတွက် သူ့အနေနဲ့ စိတ်ပျက်မိကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Express

လီဗာပူး အသင်းရဲ့ ဂန္တဝင်တစ်ဦး ဖြစ်တဲ့ ကာရေဂါ ဟာ ရီးရဲလ် နဲ့ ဘာစီလိုနာဟာ ဆာလက်ကို ခေါ်ယူဖို့ရာ အတွက် ငွေကြေးပိုင်းတတ်နိုင်မှာ မဟုတ်ကြောင်းနဲ့ အီဂျစ်လက်ရွေးစင် ကစားသမား ဆာလက် အနေနဲ့ စာချုပ်အသစ် ချုပ်ဆိုပေးဖို့ အတွက် လီဗာပူးကို ဖိအားပေးနေတာ ဖြစ်နိုင်ကြောင်း ယုံကြည်နေပါတယ်။ “ ဆာလက် ရဲ့ မကြာသေးမီက အင်တာဗျုးကို ကြည့်မယ်ဆိုရင်တော့ သူ့ရဲ့ ကစားသမားဘဝ ကို အရင်ဦးစားပေးနေပုံပါပဲ။ မစ်ဂျေးလန်းနဲ့ ပွဲစဉ်မှာ အသင်းခေါင်းဆောင် လုပ်ခွင့်မရခဲ့တာ အတွက် စိတ်ပျက်မိကြောင်း ပြောနေတဲ့ သူ့ရဲ့ စကားတွေက ထူးဆန်းနေသလိုပဲ။ အချိန်ကိုက်ပဲ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်လာတာကလည်း အတော်လေး ထူးဆန်းပါတယ်။ ကျွန်တော့်ရဲ့ အမြင်အရ ဆိုရင်တော့၊ ဒါက သူ့ကို ဒီ့ထက် လစာပိုများတဲ့ စာချုပ်အသစ်တစ်မျိုးနဲ့ ကမ်းလှမ်းစေဖို့အတွက် လီဗာပူး အသင်း ပိုင်ရှင်တွေကို သတိပေးလိုက်တယ်လို့ မြင်ပါတယ် ”

Photo Credit: Express

“ သူတို့ရဲ့ ကစားသမားတွေ စောင့်ကြည့်ခံရတာဟာ လီဗာပူး အသင်းအတွက်တော့ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက စိတ်ပူစရာပါ။ အခုမှ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ မက်ဒရစ် နဲ့ ဘာကာက ဆာလက် ကို ခေါ်ဖို့ တတ်နိုင်လိမ့်မယ်လို့ မထင်ပါဘူး။ လာမယ့်နှစ် နွေရာသီမှာ ၂၉ နှစ်ထဲရောက်တော့မယ့် ကစားသမားမျိုးကို ပေါင် ၁၂၅ သန်း‌ကျော်လောက် ရင်းနှီးမြှပ်နှံတာက ကောင်းတဲ့ စီးပွားရေး တစ်ခုတော့ မဟုတ်ပါဘူး ” လို့ ပြောဆိုခဲ့ပါတယ်။ ဆက်လက်ပြီး ကာရေဂါက “ ဆာလက် က အသင်းရဲ့ သမိုင်းမှာ ရေပန်းအစားဆုံး ကစားသမား‌တွေ ထဲကတစ်ယောက် ဖြစ်နိုင်ပါတယ်။ အဲ့ဒီ စကားက ဘယ်လောက် အငြင်းပွားဖွယ်ရာ ရှိတယ်ဆိုတာကို ကျွန်တော် သိပါတယ်။ ဆာလက် ကို အသင်းပရိသတ်တွေက ချစ်ကြပါတယ်။ သူ က အသင်းရဲ့ ဂန္တဝင်တစ်ဦး ဖြစ်ပြီးသားပါ။ ဒါပေမယ့် ဖာနန်ဒို တောရက်စ် တို့ လူးဝစ်စ် ဆွာရက်ဇ် တို့ နဲ့ မတူတာက သူတို့နှစ်ယောက်က အန်ဖီးလ်မှာ လိဂ်ဖလားပဲ ရယူပေးနိုင်ခဲ့ပေမယ့် အသင်းရဲ့ ကစားဖော်တွေရဲ့ ချီးကျုးမှု ခံခဲ့ရတာပဲ။ ဆာလက်ကကျ ပရိသတ်တွေ အကြိုက် ရွေးချယ်ထားတဲ့ ကမ္ဘာ့အဆင့်မီ ကစားသမားမျိုးပါပဲ ” လို့ ပြောဆိုခဲ့ပါတယ်။