ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ကာရေဂါက နောက်ဆုံး ၃ပွဲဆက် အရန်ခုံမှာ ထိုင်ခဲ့ရတဲ့ အာဆင်နယ်ရဲ့ နံပါတ်တစ် ဂိုးသမား ရမ်စဒဲလ်ဟာ အရန်ခုံမှာသာ ဆက်ထိုင်နေရရင် လာမယ့် ဆောင်းဈေးကွက်မှာ အသင်းပြောင်းသင့်ကြောင်း တိုက်တွန်း နှိုးဆော်သွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဂိုးသမား ရမ်စဒဲလ်က ၂၀၂၁ခုနှစ်မှာ ရှက်ဖီးလ် ယူနိုက်တက် ကနေ အာဆင်နယ်ဆီ ပြောင်းရွှေ့ကြေး ယူရို ၂၈သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ နံပါတ်တစ် ဂိုးသမား အဖြစ် ဆက်တိုက် ကစားခွင့် ရခဲ့သူပါ။

Photo Credit: Team Talk

ရမ်စဒဲလ်က ၂နှစ်ကျော် ကာလအတွင်းမှာ အာဆင်နယ် အတွက် ပြိုင်ပွဲစုံ ၈၃ပွဲ ပါဝင် ကစားပေးခဲ့ရာ ပေးဂိုးမရှိတဲ့ပွဲ ၃၀ပွဲ အထိ ရခဲ့သလို ပေးဂိုးကလည်း ၉၂ဂိုးသာ ခွင့်ပြုပေးခဲ့ရတာကြောင့် သူ့ရဲ့ လက်စွမ်းက ထိပ်တန်းအဆင့်မှာ ရှိကြောင်းကို သက်သေပြထားနိုင်ပါတယ်။

ရမ်စဒဲလ်က လက်စွမ်းကောင်းမွန်သလို ဘောလုံးကိုင် ကစားရာမှာလည်း ထူးချွန်ပေမယ့် အာဆင်နယ်နည်းပြချုပ် အာတီတာကတော့ ပြီးခဲ့တဲ့ နွေဈေးကွက်အတွင်းမှာ ဘရန့်ဖို့ဒ်ဂိုးသမား ဒေးဗစ် ရာယာကို အငှား + အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူခဲ့သလို နောက်ဆုံး ၃ပွဲဆက် ရာယာကို ပွဲထွက်ခွင့် ပေးခဲ့ပါတယ်။

Photo Credit: Express

မြောက်လန်ဒန်ဒါဘီလို အရေးကြီးတဲ့ပွဲမှာ ရာယာကို ပွဲထွက်ခွင့် ပေးလိုက်တာက အာတီတာဟာ ရာယာကို နံပါတ်၁ ဂိုးသမား အဖြစ် သတ်မှတ်လိုက်ပြီ ဆိုတဲ့ အချက်ကို မီးမောင်းထိုးပြနေပြီး လီဗာပူးဂန္တဝင် ကာရေဂါကတော့ ရမ်စဒဲလ်ဟာ အရည်အချင်း ရှိတဲ့ ဂိုးသမားကောင်း တဦး ဖြစ်တာကြောင့် အာဆင်နယ်မှာ အရန်ခုံ ထိုင်မနေပဲ တခြားအသင်းတွေဆီ ပြောင်းရွှေ့သင့်ကြောင်း ဆိုလာပါတယ်။

ကာရေဂါက – “ကျွန်တော်ကတော့ ရမ်စဒဲလ်ဟာ ဆောင်းဈေးကွက်မှာ အသင်းပြောင်းလိမ့်မယ်လို့ ထင်ပါတယ်။ တကယ်လို့ သူက အသင်းကောင်း တသင်းရဲ့ ကမ်းလှမ်းမှုကို ရခဲ့ရင်ပေါ့။ အာဆင်နယ်ကလည်း ရမ်စဒဲလ်ကို ရောင်းထုတ်ချင်နေမယ်လို့ ထင်ပါတယ်။ ရမ်စဒဲလ်က အာဆင်နယ်မှာ လက်စွမ်း ဆိုးရွားခဲ့တဲ့ ဂိုးသမား မဟုတ်ပါဘူး။ အမှန်အတိုင်း ပြောရရင် သူက လူတွေ ထင်ထားတာထက် ပိုကောင်းတဲ့ လက်စွမ်းကိုတောင် ပြသနိုင်ခဲ့ပါသေးတယ်။ အာဆင်နယ်ကတော့ ရမ်စဒဲလ်ကို ရောင်းချမှုကနေ မြိုးမြိုးမြက်မြက် ရလိမ့်မယ်လို့ တွေးထားပါလိမ့်မယ်။ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကို ဆောင်းဈေးကွက်မှာ စောင့်ကြည့်ရပါမယ်။ ပုံမှန်အားဖြင့် ထိပ်တန်းအသင်း တသင်းမှာ ဂိုးသမားကောင်း ၂ဦးကို တပြိုင်ထဲ မတွေ့ရတတ်ပါဘူး။ ကျွန်တော်ကတော့ အာတီတာရဲ့ ဂိုးသမား အပြောင်းအလဲ လုပ်ရဲတဲ့ စိတ်ဓာတ်ကို သဘောကျပါတယ်။ သူက လုံးဝ အညှာအတာ ကင်းကင်းနဲ့ လုပ်ခဲ့တာပါ။ အရိုးသားဆုံး ပြောရရင် ရမ်စဒဲလ်က အာဆင်နယ်မှာ ပွဲထွက်ခွင့် ထပ်ရတော့မယ်လို့ မထင်ပါဘူး။ ရာယာက နံပါတ်၁ ဂိုးသမား ဖြစ်သွားပါပြီ။ ရမ်စဒဲလ်က ဒါကို လက်ခံပြီး အသင်းပြောင်းဖို့ လိုပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။