MySport Myanmar

၂၀၀၅ ချန်ပီယံလိဂ်အောင်ပွဲကို နမူနာယူပြီး ကြိုးစားဖို့ လီဗာပူးကို ကာရေဂါ တိုက်တွန်း

ပရီးမီးယားလိဂ် ထိပ်သီးကလပ် လီဗာပူးရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ကာရေဂါက ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့မှာ လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ကို အိမ်ကွင်းမှာ ၂-၅ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ထားတဲ့ သူ့ရဲ့ အသင်းဟောင်း လီဗာပူးရဲ့ ကစားသမားတွေဟာ ယနေ့ညမှာ ကစားရမယ့် ဒုတိယအကျော့ ပွဲစဉ်မှာ အားသွန်ခွန်စိုက် ကြိုးစား ကစားမယ် ဆိုရင် လိုချင်တဲ့ ရလဒ်ကို ရရှိနိုင်ကြောင်း အားပေးစကား ပြောကြားသွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းနေတဲ့ လီဗာပူးက ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ဒုတိယနေရာသာ ရခဲ့တာကြောင့် ပြီးခဲ့တဲ့ရာသီမှာ သူတို့ကို အနိုင်ယူကာ ချန်ပီယံလိဂ် ဆုဖလားကို သိမ်းပိုက်ထားတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ၁၆သင်း ရှုံးထွက်အဆင့်မှာ ထိပ်တိုက် တွေ့ဆုံခဲ့ရပါတယ်။

Photo Credit: The Analyst

လီဗာပူးက ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲအဖြစ် ရီးရဲလ်မက်ဒရစ်ကို အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံ ကစားခဲ့ရာ ပွဲအစပိုင်းမှာတင် ဦးဆောင်ဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ချေပဂိုးတွေနဲ့ အနိုင်ဂိုးတွေ ဆက်တိုက် ပြန်ပေးလိုက်ရတာကြောင့် ၂-၅ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးပွဲ တပွဲ ကြုံတွေ့ခဲ့ရပါတယ်။

ပထမအကျော့ အဖြစ် အိမ်ကွင်းမှာ ကစားခဲ့စဉ်က လီဗာပူးဟာ ရီးရဲလ်မက်ဒရစ်ကို ၃ဂိုးပြတ် ရှုံးနိမ့်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်ကာ ကွာတားဖိုင်နယ်ဆီ တက်လှမ်းနိုင်ဖို့ မလွယ်ကူတော့ပေမယ့် ကာရေဂါကတော့ ၂၀၀၅ခုနှစ်မှာ သူတို့ရဲ့ လီဗာပူးဟာ အေစီမီလန်ကို ဒုတိယပိုင်း တပိုင်းထဲနဲ့ ၃ဂိုး ပြန်သွင်းနိုင်ခဲ့သလို အခု လီဗာပူးကလည်း ရီးရဲလ်မက်ဒရစ်ကို အဝေးကွင်းမှာ ၃ဂိုးပြတ်နဲ့ ပြန်လည် အနိုင်ယူနိုင်စွမ်း ရှိကြောင်း ဆိုလာပါတယ်။

Photo Credit: The Analyst

ကာရေဂါက – “အခု လီဗာပူး ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုက ကျွန်တော်တို့တွေ ၂၀၀၅ခုနှစ်မှာ ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုလောက် မကြီးမားသေးပါဘူး။ ကျွန်တော်တို့က ၃ဂိုးပြတ် အရှုံးကို ပြန်လှန်နိုင်ဖို့ ၄၅မိနစ်ပဲ အချိန်ရခဲ့တာပါ။ အခုချိန်မှာ လီဗာပူးက ၃ဂိုးပြတ် အရှုံးကို ပြန်လှန်နိုင်ဖို့ မိနစ် ၉၀ အထိ အချိန် ရနေပါသေးတယ်။ လီဗာပူး အတွက် အရေးအကြီးဆုံးက ပွဲရဲ့ အဖွင့်ဂိုးကို သွင်းနိုင်ဖို့ပါပဲ။ ဒါက အရေးကြီးပါတယ်။ သူတို့က ဂိုးစောစော ရဖို့ လိုပါမယ်။ ကျွန်တော်တို့တုန်းကလည်း စတီဗင်ရဲ့ ခေါင်းတိုက်ဂိုး စောစော ရခဲ့တာကြောင့် ၃ဂိုးကို ပြန်ချေနိုင်ခဲ့တာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။

Exit mobile version