MySport Myanmar

လီဗာပူးလ်က ဒီဘရိုင်း ဖိုဒန် အိုဒီဂတ်တို့လို ကစားသမားမျိုးကို လိုအပ်တယ်လို့ ကာရေဂါ ဆို

လီဗာပူးလ်အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်ရှိနေပေမယ့််လည်း လီဗာပူးလ်ရဲ့ ကစားသမားအင်အားက တောင့်တင်းခြင်း ရှိမနေတဲ့အတွက် လာမယ့် ဇန်နဝါရီ ဆောင်းဈေးကွက်မှာ ကစားသမား ဖြည့်တင်းမှုတွေ လုပ်ဆောင်သွားရမယ်လို့ ကစားသမားဟောင်းကြီး ကာရေဂါက မှတ်ချက်ပြုလိုက်ပါတယ်။

လီဗာပူးလ်ဟာ နည်းပြကြီး ယာဂန် ကလော့ပ်လက်ထက်ကနေ အာနယ် ဆလော့လက်ထက်ဆီ ပြောင်းလဲသွားချိန်မှာ အသင်းက ကျရိပ်ပြလာခြင်း မရှိဘဲ ပြိုင်ပွဲစုံ (၁၂)ပွဲအထိ ကစားထားပြီးချိန်မှာ နိုင်ပွဲက (၁၁)ပွဲအထိတောင် ရှိထားခဲ့ရပြီး နော်တင်ဟမ် ဖောရက်စ် တစ်သင်းတည်းကိုသာ ရှုံးနိမ့်ထားခဲ့ရပါတယ်။

Photo Credit : The Independent

လီဗာပူးလ်အနေနဲ့ နည်းပြသစ် ဆလော့လက်ထက်မှာ အသင်းအတွက် ကြီးကြီးမားမား ကစားသမား ခေါ်ယူမှုတွေ လုပ်ဆောင်ထားနိုင်ခြင်း မရှိဘဲ ခေါ်ယူထားတဲ့ ခီယေဆာက ဒဏ်ရာတွေနဲ့ ရုန်းကန်နေရသလို မာမာဒက်ရှ်ဗီလီကလည်း လာမယ့်ရာသီမှသာ အသင်းနဲ့ ပူးပေါင်းနိုင်မှာ ဖြစ်ပါတယ်။

ကစားသမား ဖြည့်တင်းမှုက အားရစရာ မရှိနေသည့်တိုင် အသင်းရဲ့ လက်ရှိအခြေအနေက အားရစရာကောင်းနေတာကြောင့် ဆလော့က အသင်းကို ဒီအခြေအနေနဲ့တင် အကောင်းဆုံး ကိုင်တွယ်ထားနိုင်တယ်လို့ ထင်ရပေမယ့်လည်း ကာရေဂါက သူ့အသင်းဟောင်းအနေနဲ့ ကွင်းလယ်တိုက်စစ်နေရာအတွက် ကမ္ဘာ့အဆင့် ကစားသမားမျိုး လိုအပ်တယ်လို့ ဆိုလာခဲ့ပါတယ်။

Photo Credit : Arsenal Insider

“လီဗာပူးလ်အနေနဲ့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးချင်တယ်ဆိုရင် ဇန်နဝါရီမှာ အရည်အသွေးရှိတဲ့ ခေါ်ယူမှုတချို့ကို ပြုလုပ်ဖို့ လိုပါတယ်။ မန်စီးတီး အာဆင်နယ် လီဗာပူးလ်အသင်းတွေရဲ့ ပွဲထွက်ကစားသမားတွေကို ယှဉ်ကြည့်လိုက်တဲ့အခါ ပြိုင်ဘက်တွေက သီးခြားနေရာတစ်စုစီမှာ အရည်အသွေးတွေ ပိုရှိနေကြပါတယ်။”

“လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်တိုက်စစ်နေရာမှာဆိုရင် ဖေးလ် ဖိုဒန် ၊ ကယ်လ်ဗင် ဒီဘရိုင်းနဲ့ မာတင် အိုဒီဂတ်တို့လို ကစားသမားမျိုးတွေ လိုအပ်ပါတယ်။ ဒီကစားသမားတွေက ခင်ဗျားတို့ရဲ့ အသင်းကို နောက်တစ်ဆင့်ဆီ မြှင့်တင်ပေးနိုင်ပါတယ်။ ဒိုမနစ် ဆိုဘော့ဇ်ဆလိုင်းက အသင်းမှာ ကောင်းမွန်စွာ စွမ်းဆောင်ထားနိုင်ပေမယ့် သူ့မှာ လိုအပ်ချက်တွေလည်း ရှိနေပါသေးတယ်။” လို့ ကာရေဂါက သုံးသပ်သွားခဲ့ပါတယ်။

Exit mobile version