ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးနဲ့ အင်္ဂလန်ရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဂျေမီ ကာရေဂါကတော့ အင်္ဂလန်ရဲ့ တက်သစ်စ လူငယ်ကြယ်ပွင့် နှစ်ဦး ဖြစ်တဲ့ ဒီကလန်ရိုက်စ်နဲ့ ဘယ်လင်ဟမ်တို့ကို မန်ချက်စတာ ယူနိုက်တက်ဆီ မပြောင်းရွှေ့ကြဖို့ တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

တချိန်က ပရီးမီးယားလိဂ်ရဲ့ အအောင်မြင်ဆုံးအသင်း အဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းရဲ့ ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် မရှိတော့တဲ့နောက် အောင်မြင်မှုတွေ ရရှိဖို့ ရုန်းကန်နေရတဲ့ အသင်းတသင်း ဖြစ်ကာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကို ကြီးမားတဲ့ အပြောင်းအလဲတွေ လုပ်ဆောင်ဖို့ တာစူနေပါတယ်။

 

Photo Credit: Sport Bible

မန်ချက်စတာ ယူနိုက်တက်က လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကို ကြီးမားတဲ့ အပြောင်းအလဲတွေ လုပ်ဆောင်ဖို့ စီစဉ်နေပြီး အင်္ဂလန်ရဲ့ တက်သစ်စ လူငယ်ကြယ်ပွင့် နှစ်ဦး ဖြစ်တဲ့ ဒီကလန်ရိုက်စ်နဲ့ ဘယ်လင်ဟမ်တို့ နှစ်ဦးဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပစ်မှတ် စာရင်းတွေထဲမှာ ပါဝင်နေပါတယ်။

ဒါကြောင့်ပဲ အင်္ဂလန် နောက်ခံလူဟောင်း တဦး ဖြစ်သူ ဂျေမီ ကာရေဂါက ဝက်စ်ဟမ်း အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်နဲ့ ဒေါ့မွန် လူငယ်ကြယ်ပွင့် ဘယ်လင်ဟမ်တို့ အနေနဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ မပြောင်းရွှေ့သင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ကိုလည်း နည်းပြနဲ့ ကစားသမားတွေ အတွက် သင်္ချိုင်းတခုလို့ လှောင်ပြောင်ခဲ့ပါသေးတယ်။

Photo Credit: Sport Bible

ကာရေဂါက – “မက်ဂွိုင်းယား ၊ လုခ်ရှော ၊ ဘစ္စကာနဲ့ ဆန်ချိုတို့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့တဲ့ အချိန်မှာ အားလုံးက မန်ချက်စတာ ယူနိုက်တက်ဟာ အင်္ဂလန်လူငယ်တွေနဲ့အတူ မှန်ကန်တဲ့ လမ်းကြောင်းအပေါ် ရောက်သွားပြီလို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် အခုတော့ သူတို့အားလုံးက အိုးထရက်ဖို့ဒ်မြေမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေကြရပါတယ်။ တကယ်လို့ ကျွန်တော်သာ ဒီကလန်ရိုက်စ်နဲ့ ဘယ်လင်ဟမ်တို့ရဲ့ နေရာမှာ ဆိုရင် အင်္ဂလန်အသင်းဖော်တွေ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့ အသင်းဆီ ပြောင်းရွှေ့မှာ မဟုတ်ပါဘူး။ တကယ်လို့ မန်ချက်စတာ ယူနိုက်တက်ကသာ မြင့်မားတဲ့ လုပ်ခလစာ မပေးချေပဲနဲ့ ကျွန်တော့်ကို လာကမ်းလှမ်းရင် ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်နဲ့ ၁မိုင်လောက် ဝေးတဲ့ နေရာဆီ ထွက်ပြေးဦးမှာပါ” လို့ အကြံပေး တိုက်တွန်းသွားခဲ့တာပါ။