လီဗာပူးလ်အသင်းရဲ့ နောက်ခံကစားသမားဟောင်း ဂျင်မီကာရေဂါက သူအနေနဲ့ ဘောလုံးသမားဘဝမှာ ကျင်လည်ခဲ့စဉ်အတွင်း ရင်ဆိုင်ခဲ့ဖူးသမျှ ပြိုင်ဘက်တွေအားလုံးထဲကမှ သူ့အတွက် အကောင်းဆုံးလို့ ယူဆရမယ့် ပြိုင်ဘက်ကစားသမား(၅)ယောက်ကို ထုတ်ဖော်ပြောဆိုလာခဲ့ရာ ဒီကစားသမားတွေထဲမှာ ဘာစီလိုနာအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီ ပါဝင်ခဲ့ပေမယ့် မက်ဆီနဲ့ခေတ်ပြိုင် မဟာပြိုင်ဘက်ကစားသမားဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုတော့ ပါဝင်လာခြင်း မရှိခဲ့ပါဘူး။

Photo Credit : The Sun

လက်ရှိမှာ ဘောလုံးပွဲသုံးသပ်သူအဖြစ်နဲ့ တာဝန်ယူဆောင်ရွက်လျက်ရှိနေတဲ့ ကာရေဂါဟာ လီဗာပူးလ်တစ်သင်းတည်းမှာပဲ (၁၇)နှစ်တာအထိ ပါဝင်ကစားခဲ့သူဖြစ်ပြီး သူရဲဲ့ကစားသမားဘဝတလျှောက် ပြိုင်ဘက်ကောင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီပြိုင်ဘက်တွေထဲကမှ သူ့အတွင် အကောင်းဆုံးသော ပြိုင်ဘက်တွေအဖြစ် လီယွန်နယ်မက်ဆီ ပေါ်လိုမာလ်ဒီနီ ဂျွန်တယ်ရီ ဇာဗီနဲ့ သီယာရီအွန်နရီတို့ကို ရွေးချယ်သွားခဲ့ပါတယ်။ ကာရေဂါရဲ့ အကောင်းဆုံးပြိုင်ဘက် (၅)ယောက်ထဲမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ပါဝင်ခဲ့တယ်ဆိုပေမယ့်လည်း မပါဝင်လာခဲ့ရတဲ့ ပြိုင်ဘက်ကောင်းတွေလည်း ရှိနေခဲ့ရပါတယ်။

Photo Credit : Marca

ကာရေဂါဟာ အေစီမီလန်အသင်းရဲ့ ဂန္တဝင်နောက်ခံကစားသမားကြီး ပေါ်လိုမာလ်ဒီနီနဲ့ ၂၀၀၅ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဆုံတွေ့ခဲ့တာဖြစ်ပြီး သူတို့ရဲ့တွေ့ဆုံမှုက အတော်လေးကို အမှတ်တရဖြစ်ခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။ နောက်ပြီး သူနဲ့ တစ်နိုင်ငံတည်းသားတွေဖြစ်တဲ့ ချယ်လ်ဆီးနောက်ခံလူဟောင်း တယ်ရီကလည်း သူ့အတွက်တော့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးဗဟိုခံစစ်မှူးတစ်ယောက်လို့ ကာရေဂါက သတ်မှတ်ခဲ့ပါသေးတယ်။ တကယ်လို့ တယ်ရီသာ အဲ့ဒီအချိန်တုန်းက စွမ်းဆောင်ရည်ကောင်းတွေ မပြနိုင်ခဲ့ရင် ကာရေဂါက သေချာပေါက် အင်္ဂလန်ရဲ့အသင်းခေါင်းဆောင် ဖြစ်နိုင်မှာပါ။ ဒါ့အပြင် ဘာစီလိုနာအသင်းဖော်တွေ ဖြစ်ခဲ့ဖူးကြတဲ့ ဇာဗီနဲ့ မက်ဆီတို့ကိုလည်း သူ့အတွက် အကောင်းဆုံးပြိုင်ဘက်တွေအဖြစ် သတ်မှတ်ခဲ့ပြီး ဇာဗီနဲ့ သူရဲ့အသင်းဖော်ဟောင်းဂျရတ်တို့က ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတွေလို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။ ကာရေဂါဟာ မက်ဆီကိုလည်း နတ်ဘုရားလို့ပါ တင်စားခေါ်ဆိုခဲ့ပါသေးတယ်။ နောက်ဆုံးတစ်ယောက်အနေနဲ့ကတော့ ပြင်သစ်အသင်းရဲ့ တိုက်စစ်မှူးဟောင်း အွန်နရီကို ရွေးချယ်ခဲ့ကာ အွန်နရီက သူ့အတွက်တော့ ၁၉၉ဝနှောင်းပိုင်းနဲ့ ၂ဝဝဝခုနှစ်အစောပိုင်းကာလတွေမှာ အိမ်မက်ဆိုးမက်စေခဲဲ့တဲ့သူလို့ဆိုရင် မမှားနိုင်ပါဘူး။ အဲ့ဒီအချိန်တုန်းက အွန်နရီကို ပိုင်ဆိုင်ထားတဲ့ အာဆင်နယ်အသင်းဟာလည်း ပရီးမီးယားလိဂ်မှာ ရင်ဆိုင်ရအခက်ဆုံး အသင်းဖြစ်ခဲ့တယ်လို့ ကာရေဂါက သုံးသပ်ပြောဆိုခဲ့ပါတယ်။