ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ ဂန္တဝင် နောက်ခံလူတဦး ဖြစ်သလို လက်ရှိအချိန်မှာ Sky Sports သတင်းဌာနရဲ့ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ကာရေဂါကတော့ အာဆင်နယ်အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ရမ်စဒယ်နဲ့ ပတ်သတ်ပြီး သူ့ရဲ့ သုံးသပ်မှုတွေက မှားယွင်းခဲ့ကြောင်း အတိအလင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဂိုးသမား ရမ်စဒယ်ဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ ရှက်ဖီးလ် ယူနိုက်တက်အသင်း ကနေ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၂၅သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ကာ သူ့ကို ခေါ်ယူခဲ့ချိန်မှာ အာဆင်နယ်အသင်းရဲ့ နည်းပြ အာတီတာနဲ့ အားကစား ဒါရိုက်တာ အီဒူးတို့ဟာ မလိုအပ်ပဲ ငွေကြေးဖြုန်းတီးတယ် ဆိုပြီး ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Photo Credit: Football London

အာဆင်နယ်အသင်းရဲ့ ရမ်စဒယ်ကို ခေါ်ယူခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်ခဲ့သူတွေထဲမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ အင်္ဂလန် လက်ရွေးစင် နောက်ခံလူဟောင်း ကာရေဂါလည်း ပါဝင်ခဲ့ပြီး ကာရေဂါက ဂျာမဏီ လက်ရွေးစင် ဂိုးသမား လေနို ရှိရက်နဲ့ တန်းဆင်းသွားတဲ့ အသင်းဆီက ဂိုးသမား တဦးကို များပြားတဲ့ ပြောင်းရွှေ့ကြေး ပေးချေပြီး ခေါ်ယူခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ လုပ်ရပ်က ကျိုးကြောင်း ဆီလျော်မှု မရှိဘူး လို့ ရာသီအစမှာ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာတော့ ရမ်စဒယ်က ဘောလုံးရေးရာ သုံးသပ်သူတွေရဲ့ သူ့အပေါ် ဝေဖန်မှုတွေက မှားယွင်းနေကြောင်းနဲ့ သူဟာ အာဆင်နယ်အသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာ အတွက် ထိုက်တန်သူ ဖြစ်ကြောင်းကို ထိပ်တန်းအဆင့် လက်စွမ်းတရပ်နဲ့ သက်သေပြထားနိုင်ပြီး ရမ်စဒယ်ဟာ အာဆင်နယ်အသင်း အတွက် ၁၁ပွဲ ပါဝင် ကစားပေးခဲ့ရာ ပေးဂိုး ၅ဂိုးသာ ခွင့်ပြုခဲ့ရကာ ပေးဂိုးမဲ့တဲ့ ပွဲစဉ် အရေအတွက် ၇ပွဲ အထိ ရှိခဲ့ပါတယ်။

Photo Credit: Football London

ဒါကြောင့်ပဲ ကာရေဂါက သူ့ရဲ့ ရမ်စဒယ် အပေါ် သုံးသပ်မှုဟာ မှားယွင်းခဲ့ကြောင်းကို လူသိရှင်ကြား ဝန်ခံခဲ့ပြီး အာဆင်နယ်အသင်း အနေနဲ့ ဂိုးသမား တဦး ပြောင်းလဲလိုက်ရုံနဲ့ ယခုလောက်အထိ တိုးတက်လာလိမ့်မယ်လို့ မထင်ခဲ့ကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

ကာရေဂါက – “ကျွန်တော် ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် စတင် လုပ်ကိုင်တဲ့ အချိန်ကနေ စပြီး အခုချိန်အထိ အာဆင်နယ်အသင်းကို ခပ်ပြင်းပြင်း ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာကြောင့် အာဆင်နယ်အသင်း ပရိသတ်တွေရဲ့ စိတ်ကြိုက် သုံးသပ်သူ တဦး မဖြစ်နိုင်တာကို သိပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ကျွန်တော်က အာဆင်နယ်အသင်းကို ကြည့်နေရင်း စိတ်လှုပ်ရှားမိပါတယ်။ သူတို့အသင်းကို ကြည့်လိုက်ဗျာ။ လူငယ် ကစားသမား အများစုနဲ့ အသင်းကို ဖွဲ့စည်းထားတယ်။ အတွေ့အကြုံ နည်းသေးတဲ့ လူငယ်တွေကို အသုံးပြုပြီး ရလဒ်ကောင်းတွေ ယူဖို့ ဆိုတာ တကယ် မလွယ်ပါဘူး။ ကျွန်တော်က အာဆင်နယ်အသင်းဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ပြန်ရောက်လာပြီလို့ ခံစားနေရတယ်။ အခုလို သူတို့ရဲ့ ပြောင်းလဲမှု အတွက် အရေးအကြီးဆုံးက ဂိုးသမား(ရမ်စဒယ်)လို့ပဲ မြင်ပါတယ်။ ရမ်စဒယ်နဲ့ ပတ်သတ်ပြီး ကျွန်တော့်ရဲ့ ခန့်မှန်း သုံးသပ်မှုက အကြီးကြီးကို မှားယွင်းခဲ့ပါတယ်။ တသက်မှာ တခါသာ ဖြစ်နိုင်လောက်တဲ့ မှားယွင်းမှုလို့လည်း အမည်တပ်ချင်ပါတယ်” လို့ ဝန်ခံစကား ပြောကြားခဲ့တာပါ။