MySport Myanmar

ဒီရာသီမှာ ကလော့ပ် လုပ်ခဲ့တဲ့ အဆိုးရွားဆုံး အမှားကို ထောက်ပြလာတဲ့ ကာရေဂါ

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဂျေမီ ကာရေဂါက အသင်းဟောင်း လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ကလော့ပ် တယောက် ဒီရာသီမှာ လုပ်ခဲ့တဲ့ အဆိုးရွားဆုံး အမှားဟာ ဒဏ်ရာလူသား အာသာ မယ်လိုကို အပြောင်းအရွှေ့ ပိတ်ခါနီးမှာ အလျင်စလို ခေါ်ယူခဲ့တဲ့ လုပ်ရပ် ဖြစ်ကြောင်း ထောက်ပြ ဝေဖန်သွားခဲ့ပါတယ်။

ယာဂင် ကလော့ပ် ဦးဆောင်နေတဲ့ လီဗာပူးက ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ရဲ့ နောက်ဆုံးနေ့ရက်မှာ ဘရာဇီးလ် ကွင်းလယ်လူ အာသာ မယ်လိုကို အငှားကြေး ယူရို ၄.၅သန်း ပေးကာ ခေါ်ယူခဲ့တာ ဖြစ်ပြီး လီဗာပူးဟာ မယ်လိုရဲ့ မြင့်မားတဲ့ လုပ်ခလစာကိုလည်း အပြည့်အဝ ပေးချေနေရပါတယ်။

Photo Credit: Express

ကွင်းလယ်ပိုင်း အားနည်းချက်တွေ ရှိနေတဲ့ လီဗာပူးက အာသာ မယ်လိုကို အားကိုးတကြီးနဲ့ ခေါ်ယူခဲ့ပေမယ့် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ပဲ ဘာစီလိုနာ ကနေ ဂျူဗင်တပ်ဆီ ပြောင်းရွှေ့ပြီးနောက် မကြာခဏ ဒဏ်ရာတွေ ရခဲ့တဲ့ မယ်လိုက လီဗာပူးဆီ ရောက်ရှိချိန်မှာလည်း ဒဏ်ရာနွံထဲ ကနေ ရုန်းထွက်နိုင်ခဲ့ခြင်း မရှိပါဘူး။

အသက် ၂၆နှစ် အရွယ် ဘရာဇီးလ် ကွင်းလယ်လူ အာသာ မယ်လိုက ဂျူဗင်တပ်ကနေ လီဗာပူးဆီ တရာသီအငှားနဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့် လီဗာပူးအတွက် ဒီရာသီမှာ စုစုပေါင်း ၄ပွဲသာ ပါဝင် ကစားပေးနိုင်ခဲ့ပြီး သူ့ရဲ့ အချိန်အများစုကို ဆေးရုံနဲ့ အိမ်မှာသာ ကုန်ဆုံးခဲ့ရပါတယ်။

Photo Credit: Express

ဒါကြောင့်ပဲ လီဗာပူးဂန္တဝင် ကာရေဂါက အာသာ မယ်လိုလို ဒဏ်ရာလူသားကို အားကိုးတကြီးနဲ့ ပြေးခေါ်ခဲ့တဲ့ လီဗာပူးရဲ့ တာဝန်ရှိသူတွေနဲ့ နည်းပြချုပ် ကလော့ပ်ကို ဒေါသထွက်နေပြီး ကလော့ပ်ရဲ့ မယ်လိုကို ခေါ်ယူခဲ့တဲ့ လုပ်ရပ်ဟာ ဒီရာသီမှာ ကလော့ပ် လုပ်ခဲ့တဲ့ အရာတွေ အနက် အဆိုးရွားဆုံး အရာတခု ဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။

ကာရေဂါက – “ဒီအပြောင်းအရွှေ့က (မယ်လိုကို အငှားနဲ့ ခေါ်ယူခဲ့မှု) ဒီရာသီမှာ ကလော့ပ် လုပ်ခဲ့တဲ့ အဆိုးရွားဆုံး လုပ်ရပ်ပါပဲ။ ကလော့ပ်က ကွင်းလယ်လူ ခေါ်ဖို့ ပျက်ကွက်ခဲ့တဲ့ သူ့ရဲ့ အမှားကို ဖာထေးနိုင်ဖို့ မယ်လိုကို နွေအပြောင်းအရွှေ့ရဲ့ နောက်ဆုံးနေ့ရက်မှာ အားကိုးတကြီးနဲ့ ခေါ်ခဲ့ပေမယ့် သူ့ရဲ့ အမှားက ပိုကြီးသွားခဲ့တာပဲ အဖတ်တင်ပါတယ်။ ဒီအပြောင်းအရွှေ့က အတော်လေး ရှက်စရာ ကောင်းသလို ပိုက်ဆံဖြုန်းခဲ့တဲ့ လုပ်ရပ်လို့ ပြောရင်လည်း မှားမယ် မထင်ပါဘူး။ လူတိုင်းက လီဗာပူးဟာ အနာဂတ် အတွက် ရင်းနှီးမြှုပ်နှံနေပြီလို့ ပြောနေတဲ့ အချိန်မှာပဲ ဒီလို အကျိုးမရှိတဲ့ အပြောင်းအရွှေ့ကို လုပ်ခဲ့တာက အတော်လေး ဆိုးရွားပါတယ်” ဆိုပြီး ကလော့ပ်ကို ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version