ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်ကာ လက်ရှိအချိန်မှာ ဘောလုံးရေးရာ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ကာရေဂါ ကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ နာမည်ကြီး ရေပန်းစားနေတဲ့ ပီအက်စ်ဂျီအသင်းရဲ့ နည်းပြဖြစ်သူ ပိုချက်တီနိုကို မန်ချက်စတာမြေဆီ အမြန်ဆုံး လှမ်းလာဖို့ တိုက်တွန်း အကြံပေးလိုက်ပါတယ်။

Photo Credit: CBS Sports

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရလဒ်ဆိုးတွေကြောင့် အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် စပါးအသင်းမှာ ရှိနေစဉ်ကတည်းက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးတဲ့ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုကို နည်းပြသစ် အဖြစ် ခန့်အပ်နိုင်ဖို့ အရှိန်မြှင့်ကာ ကြိုးပမ်းနေပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ နည်းပြဖြစ်သူ ပိုချက်တီနိုကလည်း မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ကူးရှိနေပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပိုချက်တီနိုကို ခေါ်ယူနိုင်ဖို့ ပီအက်စ်ဂျီအသင်းနဲ့ သဘောတူညီမှု ရဖို့ လိုအပ်နေပါသေးတယ်။

Photo Credit: CBS Sports

Sky Sports သတင်းဌာနရဲ့ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ကာရေဂါက ပိုချက်တီနို အနေနဲ့ ချန်ပီယံလိဂ် အောင်မြင်မှု ရဖို့ မလွယ်တဲ့ ပီအက်စ်ဂျီအသင်းကို စွန့်ခွာကာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ အမြန်ဆုံး ပြောင်းရွှေ့လာဖို့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေကို ကြည့်ရှုကာ သုံးသပ် ရတဲ့ အစီအစဉ်မှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ကာရေဂါက – “ပိုချက်တီနိုက ပီအက်စ်ဂျီအသင်း ကနေ ကျိန်းသေပေါက် ထွက်ခွာသင့်ပါတယ်။ တကယ်လို့ သူ့မှာသာ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့ အခွင့်အရေး ရှိမယ် ဆိုရင် မနက်ဖြန်မှာပဲ သူက မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းမယ်လို့လည်း ထင်ပါတယ်။ ဒါက အရိုးသားဆုံး ပြောပြတာပါ။ ပီအက်စ်ဂျီအသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ၃ယောက်နဲ့ ဆိုရင် သူက ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်မှာ မဟုတ်ပါဘူး” လို့ အကြံပေးသွားခဲ့တာပါ။