ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ကာရေဂါက သူ့ရဲ့ အသင်းဟောင်း လီဗာပူးဟာ ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ မဖြစ်နိုင်တော့ဘူးလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် မန်ချက်စတာ စီးတီးနဲ့ နောက်ဆုံးအချိန် အထိ တိုက်ပွဲဝင်ခဲ့တဲ့ လီဗာပူးက ယခုနှစ် ဘောလုံးရာသီမှာတော့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ဆာဒီယို မာနေး ထွက်ခွာသွားမှုကြောင့် အသင်းရဲ့ ခြေစွမ်းပိုင်းဟာ အနည်းငယ် ယိမ်းယိုင်သွားခဲ့ပြီး ပြိုင်ပွဲစုံမှာ ရှုံးပွဲ ၂ပွဲသာ ရှိခဲ့ပေမယ့် သရေပွဲတွေ များနေတာကြောင့် ရမှတ် ဆုံးရှုံးမှု များပြားနေပါတယ်။

Photo Credit: Express

လီဗာပူးက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၇ပွဲ ယှဉ်ပြိုင် ကစားထားရာ ၂ပွဲသာ အနိုင်ရရှိထားပြီး ၄ပွဲသရေ ၁ပွဲရှုံးထားကာ ရမှတ် ၁၀မှတ်သာ ရရှိထားတာကြောင့် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ အာဆင်နယ်နဲ့ တပွဲလျော့ ရမှတ် ၁၁မှတ် အထိ ကွာဟနေသလို အဓိကပြိုင်ဘက် မန်ချက်စတာ စီးတီးထက်လည်း ၁ပွဲသာ လျော့ထားပေမယ့် ရမှတ် ၁၀မှတ် အထိ ပြတ်နေပါတယ်။

ဒါကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက လီဗာပူးဟာ ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ဖို့ မလွယ်တော့ကြောင်း သုံးသပ်နေကြပြီး အမြဲတမ်းလိုလို လီဗာပူးဘက် ကနေ ကာကွယ်ပေးခဲ့တဲ့ ကာရေဂါကလည်း သူ့အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ လမ်းစမရှိတော့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။

Photo Credit: Express

ကာရေဂါက – “ဟိုးအရင်တုန်းကဆိုရင် မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရာသီဝက်လောက် အထိ ရုန်းကန်ရတတ်ပေမယ့် ရာသီကုန်ရင် ချန်ပီယံ ဖြစ်ခဲ့တဲ့ အချိန်တွေ ရှိခဲ့ပါတယ်။ သူတို့က ဒုတိယအကျော့မှာ လုံးဝ အမှားအယွင်း မလုပ်ပဲ ချန်ပီယံဖြစ်အောင် ကစားခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုခေတ်မှာတော့ အဲ့ဒီလိုမျိုး ရတော့မယ် မထင်ပါဘူး။ မော်ရင်ဟို တယောက် ချယ်လ်ဆီးဆီ စတင် ရောက်ရှိလာချိန်ကတည်းက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ချင်ရင် ရာသီစထဲက ကောင်းဖို့ လိုအပ်လာပါတော့တယ်။ မန်ချက်စတာ ယူနိုက်တက်ကလည်း အဲ့ဒါကို သဘောပေါက်ခဲ့တာကြောင့် ချယ်လ်ဆီးနဲ့ ချန်ပီယံလုခဲ့ရတဲ့ နှစ်တွေမှာ ရာသီစထဲက အကောင်းဆုံး ခြေစွမ်းတွေ ရအောင် ကြိုးစားခဲ့ပါတယ်။ အခုလည်း ဒီလိုပါပဲ။ မန်ချက်စတာ စီးတီးလို အသင်းမျိုးနဲ့ ချန်ပီယံလုရတဲ့ အချိန်မှာ ရာသီစထဲက ကောင်းဖို့ လိုအပ်ပါတယ်။ အခု လီဗာပူးရဲ့ အခြေအနေကတော့ တကယ်ကို စိုးရိမ်စရာပါ။ ဘာကြောင့်လဲ ဆိုတော့ ခင်ဗျားဟာ ချန်ပီယံ ဖြစ်ချင်ရင် အသင်းကြီးတွေနဲ့ ရမှတ်ကွာဟမှု ကျဉ်းမြောင်းနေဖို့ လိုအပ်ပါတယ်။ အခု လီဗာပူးနဲ့ အသင်းကြီးတွေ ကြားထဲမှာ ရှိနေတဲ့ ရမှတ် ကွာဟမှုက အတော်လေး ကြီးမားနေပါတယ်။ ဒါကြောင့် လီဗာပူးက အသင်းကြီးတွေကို အမှီလိုက်နိုင်ဖို့ ခက်ခဲသွားပါပြီ” လို့ ဖွင့်ဟ ဝန်ခံသွားခဲ့တာပါ။