MySport Myanmar

လီဗာပူးက မန်စီးတီးရဲ့ ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိတယ်လို့ သုံးသပ်ခဲ့တဲ့ ကာရေဂါ

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ကာရေဂါက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နယူးကာဆယ် ၁-၂ လီဗာပူး ပွဲအပြီးမှာ ၁ယောက်လျော့ အနေအထားနဲ့ နယူးကာဆယ်ကို အနောက်ကနေ လိုက်ကစားပြီး အနိုင်ယူခဲ့တဲ့ သူ့ရဲ့ အသင်းဟောင်းဟာ မန်ချက်စတာ စီးတီးရဲ့ ချန်ပီယံလုဘက် ဖြစ်လာနိုင်တယ်လို့ သုံးသပ်စကား ပြောကြားသွားခဲ့ပါတယ်။

ယာဂင် ကလော့ပ် ဦးဆောင်နေတဲ့ လီဗာပူးက ပရီးမီးယားလိဂ် ပွဲစဉ်(၃) အဖြစ် ယမန်နေ့ညမှာ နယူးကာဆယ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး ပွဲအစပိုင်းမှာတင် နယူးကာဆယ်က တောင်ပံကစားသမား ဂေါ်ဒွန်ရဲ့ သွင်းဂိုးနဲ့ ပွဲကို စတင် ဦးဆောင်နိုင်ခဲ့ပါတယ်။

Photo Credit: Goal

ပွဲချိန် ၂၈မိနစ်မှာတော့ လီဗာပူး အသင်းခေါင်းဆောင် ဗန်ဒိုက်က နယူးကာဆယ် တိုက်စစ်မှူး အီဆက်ကို ဖျက်ထုတ်ရာ ကနေ တိုက်ရိုက် အနီကတ် ထိခဲ့ပြီး ဗန်ဒိုက် ထွက်ခွာသွားမှုကြောင့်ပဲ လီဗာပူးဟာ ပွဲချိန် ၁နာရီကျော်ကြာအောင် ၁ယောက်လျော့နဲ့ ဆက်လက် ယှဉ်ပြိုင်ခဲ့ရပါတယ်။

၁ဂိုးရှုံး ၊ ၁ယောက်လျော့ အနေအထားမှာ နယူးကာဆယ်က လီဗာပူးကို သက်တောင့်သက်သာ အနိုင်ရသွားလိမ့်မယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် ကြိုးကြာနီတွေရဲ့ မလျှော့သော ဇွဲလုံ့လကြောင့် လူစားဝင် တိုက်စစ်မှူး နူနက်ဇ်က ပွဲချိန် ၈၁မိနစ်နဲ့ ၉၀+၃မိနစ်တွေမှာ လီဗာပူးအတွက် အဖိုးတန် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းပေးရင်း ကြိုးကြာနီတပ်ဖွဲ့ကို အိမ်အပြန် မျက်နှာပန်း လှစေခဲ့ပါတယ်။

Photo Credit: Team Talk

နယူးကာဆယ် ၁-၂ လီဗာပူး ပွဲအပြီးမှာတော့ ကာရေဂါက လီဗာပူးရဲ့ ကြိုးစားအားထုတ်မှုနဲ့ စိတ်ဓာတ်ပိုင်းကို အတော်လေး သဘောကျနေပြီး လီဗာပူးကသာ လက်ကျန် နွေဈေးကွက် အတွင်းမှာ ကွင်းလယ်လူ ၁ဦးနဲ့ နောက်ခံလူ ၁ဦးတို့ကို ခေါ်ယူနိုင်ခဲ့ရင် လီဗာပူးဟာ မန်ချက်စတာ စီးတီးရဲ့ ချန်ပီယံလုဘက် ဖြစ်လာလိမ့်မယ်လို့ ဆိုခဲ့ပါသေးတယ်။

ကာရေဂါက – “လီဗာပူးက ပြီးခဲ့တဲ့ ၄နှစ် ၊ ၅နှစ် အတွင်းမှာ မန်ချက်စတာ စီးတီးရဲ့ အဓိကပြိုင်ဘက် ဖြစ်ခဲ့တာပါ။ အာဆင်နယ်ကတော့ ပြီးခဲ့တဲ့ရာသီကမှ မန်ချက်စတာ စီးတီးရဲ့ ပြိုင်ဘက် ဖြစ်လာခဲ့တာပါ။ လီဗာပူးက ဒီနှစ်မှာ မန်ချက်စတာ စီးတီးရဲ့ အဓိကပြိုင်ဘက် ဘာလို့ မဖြစ်နိုင်ရမှာလဲ။ လီဗာပူးရဲ့ လက်ရှိ လူစာရင်းက မန်ချက်စတာ စီးတီးကို ယှဉ်နိုင်တဲ့ အနေအထားမျိုး မဟုတ်သေးပါဘူး။ ဒါပေမယ့် လီဗာပူးမှာ လူအင်အား ဖြည့်တင်းဖို့ အတွက် အချိန်တပတ်ကျော် ကျန်နေပါသေးတယ်။ သူတို့က ကွင်းလယ်လူ ၁ဦးနဲ့ နောက်ခံလူ ၁ဦးကို ထပ်ပြီး ခေါ်ဖို့ လိုပါမယ်။ တကယ်လို့ သူတို့သာ လိုအပ်နေတဲ့ နေရာတွေကို အင်အားဖြည့်တင်းနိုင်ခဲ့ရင် လီဗာပူးဟာ မန်ချက်စတာ စီးတီးရဲ့ ချန်ပီယံဆုကို စိန်ခေါ်နိုင်ပါလိမ့်မယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version