ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ဖူးတဲ့ ဂန္တဝင် ခံစစ်မှူးဟောင်း ဂျေမီ ကာရေဂါက မီခေး အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်ဟာ ဒီရာသီမှာ သူတို့အသင်းရဲ့ သမိုင်းတလျှောက် ပထမဦးဆုံး ချန်ပီယံလိဂ် ဆုဖလားကို ဆွတ်ခူးသွားနိုင်ချေ ရှိနိုင်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။

အသက် ၄၆နှစ် အရွယ် လီဗာပူးနဲ့ အင်္ဂလန် ခံစစ်မှူးဟောင်း ဂျေမီ ကာရေဂါက ကစားသမားဘဝမှာ ပရီးမီးယားလိဂ် ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်း မရှိပေမယ့် လီဗာပူးနဲ့အတူ ဥရောပ စူပါဖလား ၂ကြိမ် ၊ ချန်ပီယံလိဂ်ဖလား ၁ကြိမ်နဲ့ ယူရိုပါလိဂ်ဖလား ၁ကြိမ်တို့ကို ရယူနိုင်ခဲ့ပါတယ်။

Photo Credit: BBC

တဖက်မှာတော့ ပရီးမီးယားလိဂ်ရဲ့ ကြီး ၆ကြီး စာရင်းဝင် အာဆင်နယ်က နှစ်ပေါင်း ၁၃၉နှစ် သက်တမ်း ရှိပြီ ဖြစ်တဲ့ ဘောလုံးအသင်း ဖြစ်ပေမယ့် သူတို့အသင်းရဲ့ သမိုင်းမှာ ဥရောပ ချန်ပီယံလိဂ် ဆုဖလားကို တကြိမ် တခါမှ ဆွတ်ခူးနိုင်ခဲ့ခြင်း မရှိသေးပဲ အမြင့်ဆုံး အောင်မြင်မှု အဖြစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဒုတိယဆုသာ ရဖူးပါတယ်။

ဒါကြောင့်ပဲ အင်္ဂလန်ဘောလုံးရပ်ဝန်းမှာ ပြိုင်ဘက်အသင်းတွေရဲ့ ပရိသတ်တွေက အာဆင်နယ်ကို ချန်ပီယံလိဂ်ကံ မရှိသည့် အသင်း အဖြစ် မကြာခဏ လှောင်ပြောင်လေ့ ရှိကြပြီး ဘောလုံးရေးရာ သုံးသပ်သူတွေကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံဖြစ်နိုင်တဲ့ အသင်းတွေ အကြောင်း ပြောရင် အာဆင်နယ်ကို ချန်လှပ်ခဲ့လေ့ ရှိပါတယ်။

Photo Credit: Goal

အာဆင်နယ်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အစဉ်အလာ သိပ်မရှိပေမယ့် လီဗာပူးရဲ့ ဂန္တဝင် ခံစစ်မှူး ကာရေဂါကတော့ အာဆင်နယ်ဟာ ဒီရာသီမှာ ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်နိုင်တယ်လို့ ယုံကြည်နေသလို လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးကို တားဆီးနိုင်တဲ့ တသင်းထဲသော အသင်းဟာ အာဆင်နယ်သာ ဖြစ်ကြောင်း ထုတ်ပြောလာပါတယ်။

ကာရေဂါက – “ကျွန်တော်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘယ်အသင်းက မန်ချက်စတာ စီးတီးကို တားဆီးနိုင်လဲလို့ တွေးကြည့်တဲ့အခါ အာဆင်နယ်ကိုပဲ စဉ်းစားမိပါတယ်။ အာဆင်နယ်က မန်ချက်စတာ စီးတီးကို တားဆီးနိုင်ပါတယ်။ တကယ်လို့ မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ်သာ ထိပ်တိုက် တွေ့ကြရင် မန်ချက်စတာ စီးတီးက နောက်တဆင့် တက်ဖို့ ရေပန်းအစားဆုံး ဖြစ်နေဦးမှာပါပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ အာဆင်နယ်မှာလည်း ချန်ပီယံလိဂ် ဆုဖလားကို ဆွတ်ခူးနိုင်ဖို့ အခွင့်အရေး ရှိတယ်လို့ ထင်ပါတယ်။ အာဆင်နယ်က အခုချိန်အထိ ကြီးမားတဲ့ ဆုဖလားတွေကို မယူနိုင်သေးပေမယ့် သူတို့အသင်းက ဘယ်လောက်ကောင်းလဲ ဆိုတာ ကျွန်တော်တို့တွေ သိပြီးသားပါပဲ။ ကျွန်တော်က ဘိုင်ယန်မြူးနစ်ရဲ့ ပွဲကို ကြည့်ခဲ့ပါတယ်။ အခုချိန်မှာ အာဆင်နယ်က ဘိုင်ယန်မြူးနစ်ထက် ပိုကောင်းနေပါပြီ။ အာဆင်နယ်က ဘိုင်ယန်မြူးနစ်ကို အနိုင်ယူနိုင်တယ်။ အာဆင်နယ်က ပီအက်စ်ဂျီကိုလည်း အနိုင်ယူနိုင်စွမ်း ရှိပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။