လီဗာပူးလ်အသင်းရဲ့ နောက်ခံလူဟောင်း ဂျင်မီကာရေဂါကတော့ ဘောလုံးသမားဘဝကနေ အနားယူပြီးနောက်ပိုင်းမှာ နည်းပြအလုပ် နည်းစနစ်ဒါရိုက်တာအလုပ်တွေနဲ့ ဘောလုံးလောကထဲကို ပြန်လည်ဝင်ရောက်လာခြင်းမရှိပဲ ဘောလုံးပွဲတွေအကြောင်းကို အားကစားရုပ်သံလိုင်းတွေမှာ ဆွေးနွေးသုံးသပ်သူအဖြစ်နဲ့ပဲ လုပ်ကိုင်ဆောင်ရွှက်ခဲ့ပါတယ်။ အခုလည်း ကာရေဂါဟာ ဒီနှစ်ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း အကောင်းဆုံးသောအသင်း(ကစားသမား၁၁ယောက်စာရင်း)ကို သူစိတ်တိုင်းကျ ရွေးချယ်ပေးသွားခဲ့ပါတယ်။

Photo Credit : Getty Image

လီဗာပူးလ်ကစားသမားဟောင်းတစ်ယောက် ဖြစ်တာနဲ့အညီ လီဗာပူးလ်အသင်းရဲ့ ကစားသမားအများအပြားကိုပဲ သူရဲ့အကြိုက်ဆုံးအသင်းမှာ ရွေးချယ်သွားခဲ့ပြီး စုစုေပေါင်း(၇)ယောက်အထိကို ပါဝင်လာခဲ့ပါတယ်။ ၄-၃-၃ ပုံစံနဲ့ ရွေးချယ်ခဲ့တဲ့ ကာရေဂါရဲ့ အကြိုက်ဆုံးအသင်းမှာ ဂိုးသမားနေရာမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းကနေ ရှက်ဖီးယူနိုက်တက်အသင်းဆီ အငှားနဲ့လာကစားနေတဲ့ ဂိုးသမားလေး ဒင်းဟန်ဒါဆန်ကို ရွေးချယ်ပေးသွားခဲ့ပါတယ်။ ဟန်ဒါဆန်က ဒီရာသီမှာ ရှက်ဖီးအသင်းနဲ့အတူ အရမ်းကို လက်စွမ်းပြလို့နေတဲ့ အင်္ဂလန်ဂိုးသမားလေးတစ်ဦးလည်းဖြစ်ကာ Clean Sheet ပွဲပေါင်းများစွာရအောင် စွမ်းဆောင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။

Photo Credit : Getty Image

ကာရေဂါဟာ နောက်ခံလူ(၄)ယောက်နေရာမှာတော့ သူ့လီဗာပူးလ်အသင်းရဲ့ နောက်ခံလူတွေဖြစ်တဲ့ ရောဘတ်ဆန် ဗန်ဒိုက် ဂျိုးဂိုးမက်ဇ်နဲ့ အာနိုးတို့ကို ရွေးချယ်ပေးသွားခဲ့ပါတယ်။ ကွင်းလယ်ပိုင်းမှာတော့ အက်စတွန်ဗီလာအသင်းခေါင်းဆောင် ဂျက်ဂရီးလစ်ရှ် လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန်နဲ့ မန်စီးတီးအသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ကယ်ဗင်ဒီဘရိုင်းတို့ (၃)ယောက်ကို ရွေးချယ်ထားခဲ့ပါတယ်။ တိုက်စစ်ကစားသမား(၃)ယောက်မှာတော့ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး(၂)ဦးဖြစ်တဲ့ မိုဟာမက်ဆာလာနဲ့ ဆာဒီယိုမာနေးတို့ကို ဘယ်နဲ့ညာမှာ ရွေးချယ်သွားခဲ့ပြီ်း အထောင်တိုက်စစ်မှူးအဖြစ် ဖာမီနိုကို မရွေးချယ်ပဲ မန်စီးတီးအသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူး ဆာဂျီယိုအဂူရိုကိုသာ ရွေးချယ်သွားခဲ့ပါတယ်။ ကာရေဂါရဲ့ ရွေးချယ်မှုက ဖက်လိုက်မှုကင်းပြီး ပရိသတ်များစွာ လက်သင့်ခံချင်စရာ ရွေးချယ်မှုဖြစ်ခဲ့တယ်လို့လည်း ယေဘုယျအားဖြင့် သတ်မှတ်ရမှာပါ။