ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ကာရေဂါ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်စီးတီး ၂-၁ ပီအက်စ်ဂျီပွဲစဉ်မှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး မက်ဆီကို ကွင်းထဲဝင်ပြီး လမ်းလျှောက်နေတဲ့လူ လို့ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ စီးတီးအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ပွဲစဉ်မှာ အုပ်စုအဆင့် ကနေ နောက်တဆင့်ဆီ အုပ်စု ပထမနေရာနဲ့ တက်လှမ်းနိုင်ဖို့ အတွက် အရေးပါတဲ့ ပွဲစဉ်တပွဲ ဖြစ်ပြီး အဆိုပါပွဲမှာတော့ အိမ်ရှင် မန်ချက်စတာ စီးတီးအသင်းက အမှားအယွင်း မရှိ အနိုင်ရခဲ့ပါတယ်။

Photo Credit: Metro

အိမ်ရှင် ဖြစ်တာနဲ့အညီ မန်ချက်စတာ စီးတီးအသင်းဟာ ပီအက်စ်ဂျီအသင်းဘက်ကို ပွဲစပွဲဆုံး ဖိအားပေး ကစားသွားခဲ့ပြီး ပီအက်စ်ဂျီအသင်း ကတော့ တန်ပြန်တိုက်စစ်ကိုသာ အားပြု ကစားခဲ့ကာ တိုက်စစ်မှူးတွေ ဖြစ်တဲ့ အမ်ဘာပေ ၊ မက်ဆီ ၊ နေမာတို့ရဲ့ တကိုယ်တော် စွမ်းဆောင်ရည်တွေနဲ့အတူ မန်ချက်စတာ စီးတီးအသင်းကို ဒုက္ခပေးဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် မန်ချက်စတာ စီးတီးအသင်းက အသင်းလိုက် ကစားဟန်ကို အားပြု ကစားနေချိန်မှာ တဦးချင်း ကစားဟန်နဲ့ တန်ပြန်တိုက်စစ် ကစားဖို့ ကြိုးစားခဲ့တဲ့ ပီအက်စ်ဂျီအသင်းရဲ့ ကြိုးစားမှုက အရာမထင်ခဲ့သလို ပီအက်စ်ဂျီအသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူးတွေ ဖြစ်တဲ့ အမ်ဘာပေ ၊ မက်ဆီနဲ့ နေမာတို့ဟာ မန်ချက်စတာ စီးတီးအသင်းက တိုက်စစ် ဆော့နေချိန်မှာ ခံစစ်ကို ကူညီဖို့ ပျက်ကွက်ခဲ့ကြတာကြောင့် မန်ချက်စတာ စီးတီးအသင်းက ၂-၁ ဆိုတဲ့ ရလဒ်နဲ့ ထိုက်ထိုက်တန်တန် အနိုင်ရရှိသွားခဲ့တာပါ။

Photo Credit: Metro

အဆိုပါပွဲစဉ်မှာ ခြေစွမ်းအဆိုးဝါးဆုံး ကစားသမားတွေ အဖြစ် ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး နှစ်ဦး ဖြစ်တဲ့ မက်ဆီနဲ့ နေမာတို့က သတ်မှတ်ခံခဲ့ရပြီး ကာရေဂါကတော့ ပွဲချိန် အတော်များများမှာ ကွင်းအတွင်း လမ်းလျှောက်ကာ ပြိုင်ဘက်အသင်းရဲ့ ခံစစ်ယိုပေါက်တွေကို ရှာဖွေနေတဲ့ မက်ဆီရဲ့ ကစားပုံက ဒီဘက်ခေတ်မှာ မအောင်မြင်တော့ဘူးလို့ ဆိုကာ မက်ဆီကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

ကာရေဂါက – “အသင်းတသင်းက မကြိုးစားတဲ့ ကစားသမား တယောက်ကြောင့် ပေါ်လာတဲ့ ဟာကွက်တွေကို အချိန်တိုင်း လိုက်ဖြည့်နိုင်ဖို့ မလွယ်ပါဘူး။ ဒီနေ့ပွဲမှာ ကျွန်တော် စိတ်အပျက်ရဆုံး အရာက အမ်ဘာပေရဲ့ ခံစစ်ပိုင်းကို ကူညီဖို့ မကြိုးစားခဲ့တာကိုပါ။ မက်ဆီလည်း သူနဲ့တူတူပါပဲ။ မက်ဆီက အသက် ၃၄နှစ် အရွယ် ဖြစ်လို့ ပွဲချိန်တိုင်း လိုက်မကစားပဲ သူ့ရဲ့ ခွန်အားကို ချွေတာဖို့ ကြိုးစားတာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် မက်ဆီ လမ်းလျှောက်နေတာကြောင့် ပေါ်လာတဲ့ ယိုပေါက်တွေ ၊ ဟာကွက်တွေကို ကျန်တဲ့ ကစားသမားတွေက လိုက်မဖြည့်နိုင်ပါဘူး။ ဘာစီလိုနာအသင်းက ချန်ပီယံလိဂ်ဖလား မရတာ အတော်လေး ကြာနေပြီ ဆိုတာကို မမေ့စေချင်ဘူး။ ရိုနယ်ဒိုကလည်း ကွင်းထဲမှာ လမ်းလျှောက်နေတဲ့ ကစားသမားပါပဲ။ ဒါပေမယ့် သူက သွင်းဂိုးတွေ သွင်းနေပါသေးတယ်” လို့ ဝေဖန်လိုက်တာပဲ ဖြစ်ပါတယ်။