ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး ကစားသမားဟောင်းတွေထဲက တဦး ဖြစ်သလို လက်ရှိအချိန်မှာ အောင်မြင်တဲ့ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ကာရေဂါ ကတော့ အမြဲတမ်းနည်းပြ တဦး ခန့်အပ်ဖို့ ကြိုးစား လုပ်ဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်အနေနဲ့ လက်ရှိမှာ ချယ်လ်ဆီးနဲ့ အနာဂတ် မရေမရာ ဖြစ်နေတဲ့ နည်းပြဖြစ်သူ တူဟယ်လ်ကို နည်းပြသစ် အဖြစ် ခန့်အပ်သင့်ကြောင်း တိုက်တွန်း အကြံပေးလိုက်ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ဂျာမန် ဘောလုံးဂုရုကြီး ရန်းဂ်နစ်ကို ယာယီနည်းပြ အဖြစ် ခန့်အပ်ကာ အသင်းကို ထိန်းကျောင်းခိုင်းထားပေမယ့် လာမယ့် နွေရာသီမှာတော့ အသင်းကို ရေရှည် ကိုင်တွယ်နိုင်မယ့် နည်းပြတဦးကို ခန့်အပ်ဖို့ စီစဉ်ထားတဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Talksport

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် ဖြစ်လာဖို့ အတွက် အေဂျက်နည်းပြ တန်ဟက်ဂ် ၊ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုနဲ့ စပိန်နည်းပြ အင်းနရစ်တို့က ရေပန်းစားနေကြပေမယ့် ကာရေဂါကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ ချယ်လ်ဆီးနဲ့ အနာဂတ် မတည်မငြိမ် ဖြစ်နေတဲ့ တူဟယ်လ်ကိုသာ နည်းပြသစ် အဖြစ် ခန့်အပ်သင့်ကြောင်း ဆိုသွားပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးကလပ် ချယ်လ်ဆီးဟာ ဗြိတိန်အစိုးရက အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ် အပေါ် ပိတ်ဆို့မှုတွေကို ခံစားနေရကာ လက်ရှိမှာ တူဟယ်လ် အပါအဝင် ချယ်လ်ဆီးဝန်ထမ်းတွေ အားလုံးရဲ့ အနာဂတ်ကလည်း မရေမရာ ဖြစ်နေပြီး မကြာခင်မှာ အသင်းကနေ ထွက်ခွာရနိုင်ချေ ရှိပါတယ်။

Photo Credit: Talksport

မန်ချက်စတာ ယူနိုက်တက်အနေနဲ့ တူဟယ်လ်ကို နည်းပြသစ် အဖြစ် ခန့်အပ်သင့်ကြောင်းကို ကာရေဂါက – “မန်ချက်စတာ ယူနိုက်တက်က တူဟယ်လ်ကို လုံခြုံမှုနဲ့ ထိပ်တန်းနည်းပြတွေ ရနေတဲ့ လစာမျိုး ၊ အထောက်အပံ့မျိုးတွေ ကောင်းကောင်းကြီး ပေးနိုင်ပါတယ်။ ချယ်လ်ဆီးက အခက်အခဲတွေနဲ့ ကြုံနေရချိန်မှာ အခုလိုမျိုး တူဟယ်လ်ကို ခေါ်ဖို့ လုပ်ဆောင်တာက ခေါင်းပုံဖြတ်သလို ဖြစ်နေပေမယ့် ဒီအပြောင်းအရွှေ့ဟာ မန်ချက်စတာ ယူနိုက်တက် အတွက်ရော တူဟယ်လ် အတွက်ပါ ကောင်းမွန်တဲ့ အပြောင်းအရွှေ့ တခုပါပဲ” လို့ တိုက်တွန်း အကြံပေးသွားခဲ့တာပါ။