ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အက်စ်တွန်ဗီလာ အသင်းတို့ရဲ့ ပွဲစဉ်မှာ အိမ်ရှင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဗီလာအသင်းကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး အဆိုပါ ရလဒ်ကြောင့်ပဲ ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ပွဲ ပါဝင် ကစားထားရာမှာ ရမှတ် ၃၃မှတ် အထိ ရရှိခဲ့ပြီး အမှတ်ပေး ဇယားရဲ့ ထိပ်ဆုံး နေရာမှာ ရှိနေတဲ့ လီဗာပူးအသင်းကို အမှီလိုက်နိုင်ခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဗီလာအသင်းကို မာရှယ် ၊ ဘရူနို ဖာနန်ဒက်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး အဆိုပါ နိုင်ပွဲကြောင့် လီဗာပူးအသင်းနဲ့ ရမှတ်တူ အနေအထား ဖြစ်သွားပေမယ့် ဂိုးကွာခြားချက်ကြောင့် အမှတ်ပေးဇယားရဲ့ ဒုတိယ နေရာမှာပဲ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။

Photo Credit: Express

ကစားရခက်တဲ့ ဗီလာအသင်းကို အနိုင်ရရှိ အပြီးမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယခုနှစ် ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အနေအထား တစ်ရပ်မှာ ရောက်ရှိနေပြီ လို့ ယူဆသူတွေ များပြားလာပြီး အဆိုပါလူတွေ အနက် လက်ရှိမှာ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ အဖြစ် လုပ်ကိုင် နေတဲ့ လီဗာပူးအသင်းရဲ့ ဂန္တဝင် နောက်ခံလူဟောင်း ကာရေဂါလည်း ပါဝင် လာပါတယ်။ ကာရေဂါ ဟာ လီဗာပူးအသင်းကို လက်ရှိအချိန် အထိ အားပေးနေဆဲ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေမယ့် လက်ရှိ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံ ဖြစ်နိုင်တဲ့ အကြောင်း ဝန်ခံသွားခဲ့ပါတယ်။ ဒါ့အပြင် ကာရေဂါက မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ လက်ရှိ ရာသီမှာ အမှတ်ပေးချန်ပီယံ ဖြစ်ဖို့ ရမှတ် ဘယ်လောက်အထိ စုဆောင်းရမလဲ ဆိုတာကိုပါ ပြောပြ သွားခဲ့ပါတယ်။

Photo Credit: Express

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်တဲ အနေအထားနဲ့ ပတ်သတ်ပြီး ကာရေဂါက “ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ကို ရယူနိုင်စွမ်း ရှိပါတယ်။ ဒီလို စကားမျိုးကို ကြားရတာက သူတို့အသင်းရဲ့ ပရိသတ်တွေ အတွက်လည်း တကယ့်ကို ကျေနပ်စရာပါ။ ကျွန်တော် ကတော့ သူတို့အသင်းရဲ့ ပွဲစဉ်တွေကို ပိုပြီး ကြည့်မိလေလေ သူတို့ အသင်းဟာ အမှတ်ပေး ချန်ပီယံ ဖြစ်နိုင်တယ် ဆိုတဲ့ အတွေးကို ပိုပြီး တွေးမိလေလေပါပဲ။ သူတို့တွေ အသင်းက အများကြီး တိုးတက်လာတယ် လို့တော့ ကျွန်တော် မထင်ပါဘူး။ ဒါပေမယ့် သူတို့အသင်းက တစ်ပွဲလုံး ခြေစွမ်းမကောင်းရင်တောင် အဲ့ဒီပွဲကို အနိုင်ယူနိုင်စွမ်း ရှိပါတယ်။ သူတို့အသင်းက လုံးဝ အကြပ်အတည်းတွေ ကြားထဲ ရောက်နေတဲ့ အချိန်မှာ တစ်မိနစ်လောက်လေးနဲ့ အံ့အားသင့်ဖွယ်ရာတွေ လုပ်ပြခဲ့တာကို ကျွန်တော်တို့ ဒီရာသီမှာ ခဏခဏ မြင်တွေ့ပြီးပါပြီ။ ဒီရာသီမှာ ဘာ့ကြောင့် သူတို့အသင်း က အခုလို ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိလာလဲ ဆိုရင်တော့ ဒီနိုင်ငံရဲ့ အကောင်းဆုံး အသင်းနှစ်သင်း ဖြစ်တဲ့ လီဗာပူးအသင်းနဲ့ မန်စီးတီးအသင်း တို့က ခြေစွမ်းတွေ ကျဆင်းသွားလို့ပါပဲ။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီရာသီကို သူတို့ရဲ့ ရာသီအဖြစ် ပြောင်းလဲပစ်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရမှတ် ၈၀ကျော်လောက်နဲ့ ရယူနိုင်တဲ့ အနေအထား ဖြစ်နေလို့ပါ။ တကယ်လို့ ယူနိုက်တက် ကသာ သူတို့အသင်းရဲ့ အိမ်ကွင်းရလဒ်ဆိုးတွေကို ပြောင်းပြန် လှန်နိုင်ခဲ့ရင် သူတို့အသင်းက အဲ့ဒီရမှတ်ကို ရယူနိုင်စွမ်း ရှိပါတယ်” ဆိုပြီး ပြောကြား သွားခဲ့ပါတယ်။