ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ ဂန္တဝင် နောက်ခံလူဟောင်း တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဂျေမီ ကာရေဂါ ကတော့ မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာက မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို ခေါ်ယူဖို့ ကြိုးစားနေမှုအား ကန့်ကွက်လိုက်ပြီး ဂွာဒီယိုလာနဲ့ မန်ချက်စတာ စီးတီးက ပေါ့ဘာကို မခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါလ် ပေါ့ဘာဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား တဦး ဖြစ်ပြီး ယူနိုက်တက်က သူ့ကို စာချုပ်သစ် ကမ်းလှမ်းထားပေမယ့် ပေါ့ဘာကတော့ အသင်းကနေ ထွက်ခွာဖို့သာ စိုင်းပြင်းနေပါတယ်။

Photo Credit: Daily Mail

ပေါ့ဘာဟာ ဂျူဗင်တပ်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာပြီးနောက် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တဦး အဖြစ် သတ်မှတ်ခံရတဲ့ အထိ ခြေစွမ်းကောင်းတွေ ပြနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူ့ရဲ့ စည်းကမ်းပိုင်း အားနည်းချက်တွေ ၊ အသင်းအတွက် အာရုံမစိုက်မှုတွေကြောင့် အသင်းရဲ့ ဗိုင်းရပ်စ် တခု အဖြစ်ပါ ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။

ဒါပေမယ့် ပေါ့ဘာက ပြင်သစ်အသင်းထံ ပြန်လည် ရောက်ရှိချိန်မှာ ကမ္ဘာ့အဆင့် ခြေစွမ်းကောင်းတွေကို ပြန်လည် ပြသလေ့ ရှိတာကြောင့် ဥရောပ ထိပ်သီးအသင်းတွေ ဖြစ်တဲ့ ပီအက်စ်ဂျီ ၊ ဂျူဗင်တပ်နဲ့ မန်ချက်စတာ စီးတီးတို့ အားလုံးက ပေါ့ဘာကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။

Photo Credit: Daily Mail

နာမည်ကျော် ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဂျေမီ ကာရေဂါကတော့ မန်ချက်စတာ စီးတီးရဲ့ ပေါ့ဘာကို ခေါ်ယူဖို့ ကြိုးပမ်းနေမှုအား နားမလည်ကြောင်းနဲ့ သူသာဆိုရင် ပေါ့ဘာနဲ့ အဝေးဆုံး နေရာကို သွားနေမယ်လို့လည်း ဆိုခဲ့ပါတယ်။

ကာရေဂါက – “ကျွန်တော်က ပေါ့ဘာနဲ့ ခပ်ဝေးဝေး နေမယ့် လူတွေထဲမှာ ပါပါတယ်။ မန်ချက်စတာ စီးတီးက တနှစ်ကို ရမှတ် ၉၅မှတ် ၊ ၁၀၀မှတ်လောက် စုဆောင်းနိုင်ပြီး လိဂ်ဖလားကို သိမ်းပိုက်နိုင်လေ့ ရှိတဲ့ အသင်းတသင်းပါ။ ဒါကြောင့် ပေါ့ဘာက မန်ချက်စတာ စီးတီးဆီ ရောက်သွားရင် တခြားကစားသမားတွေလို ကြိုးစားမယ် မထင်ပါဘူး။ တကယ်လို့ ဂွာဒီယိုလာက ပေါ့ဘာဆီကနေ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ထုတ်ပြနိုင်ခဲ့မယ် ဆိုရင်လည်း ဒါက အံ့ဩစရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မန်ချက်စတာ စီးတီးမှာလည်း ဖန်တီးမှု အားကောင်းတဲ့ ကစားသမားတွေ ရှိပါတယ်။ ဖိုဒန်နဲ့ ဘာနာဒို ဆေးလ်ဗားတို့က ဖန်တီးမှု အားကောင်းသလို အသင်းအတွက် မိနစ် ၉၀လုံးလုံး တရစပ် ပြေးလွှားပြီး ကြိုးစား ကစားပေးတတ်ကြတဲ့ ကစားသမားတွေပါ။ သူတို့ကြောင့်ပဲ မန်ချက်စတာ စီးတီးက ထိပ်သီးအသင်း တသင်း ဖြစ်နေတာပါ။ တကယ်လို့ ပေါ့ဘာကသာ မန်ချက်စတာ စီးတီးဆီ ရောက်ပြီး အကောင်းဆုံး ကွင်းလယ်လူ ဖြစ်လာမယ် ဆိုရင် ဘာကြောင့် သူက မန်ချက်စတာ ယူနိုက်တက်မှာ အဲ့လိုမျိုး ခြေစွမ်းတွေကို မပြနိုင်တာလဲ။ ကျွန်တော်က သူ့ရဲ့ ကြိုးစား အားထုတ်မှု နည်းပါးတာကို ထောက်ပြချင်တာပါ။ သူ့ရဲ့ ခြေစွမ်းနဲ့ ပတ်သတ်ပြီး သံသယတော့ မရှိပါဘူး။ ဒါပေမယ့် ၁၀၀ ရာခိုင်နှုန်း ကြိုးစား အားထုတ်မှု မရှိတဲ့ ကစားသမား တယောက်က ပြဿနာ တခုပါပဲ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။