ပရီးမီးယားလိဂ်ရဲ့ ထိပ်သီး အသင်းတစ်သင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ ဂန္တဝင် နောက်ခံလူ တစ်ဦးဖြစ်တဲ့ ကာရေဂါကတော့ သူ့ရဲ့ အသင်းဟောင်း လီဗာပူးအသင်းဟာ ဂျာမန်် ဘွန််ဒက်လီဂါကလပ် လစ်ဇက်အသင်းရဲ့ ပြင်သစ် နောက်ခံလူ အူပါမီကာနိုကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ကြောင်း အတည်ပြု သွားပါတယ်။ လီဗာပူးအသင်းဟာ မာဆေးဆိုဒ်ဒါဘီမှာ ရရှိတဲ့ ဒဏ်ရာကြောင့် တစ်ရာသီနီးပါး အနားယူ ရတော့မယ့် အသင်းရဲ့ နောက်ခံလူ ဗန်ဒိုက်ကြောင့် အရေးပေါ် အစားထိုး ခေါ်ယူမှုကို လိုအပ်နေတဲ့ အသင်း ဖြစ်ပြီး လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ နောက်ခံလူ တစ်ဦးကို မဖြစ်မနေ ခေါ်ယူသွားဖွယ် ရှိပါတယ်။

Photo Credit: Metro

လက်ရှိမှာတော့ လီဗာပူးအသင်း ခေါ်ယူနိုင်ချေ ရှိတဲ့ နောက်ခံလူတွေကို သတင်းဌာနတွေက တရစပ် ဖော်ပြ နေကြပြီး အဆိုပါ နောက်ခံလူတွေထဲမှာ နာပိုလီ နောက်ခံလူ ကူလီဘလီနဲ့ လစ်ဇက် နောက်ခံလူ အူပါမီကာနို တို့ဟာ လီဗာပူးအသင်းထံ ရောက်ရှိဖို့ ရေပန်းအစားဆုံး ဖြစ်နေကြပါတယ်။ ဒါပေမယ့် လီဗာပူးအသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ကာရေဂါကတော့ ကူလီဘလီရဲ့ အကြောင်းကို ပြောဆိုခဲ့ခြင်း မရှိပဲ လီဗာပူးအသင်းဟာ အူပါမီကာနိုုကို ခေါ်ယူဖို့ အတွက် စတင် ဆွေးနွေးနေပြီ ဖြစ်ကြောင်းနဲ့ အူပါမီကာနိုဟာ လီဗာပူးအသင်းနဲ့ ကိုက်ညီမယ့် ကစားသမား တစ်ဦးဖြစ်ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။

Photo Credit: Metro

အူပါမီကာနိုနဲ့ လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ကာရေဂါက “လီဗာပူးအသင်းရဲ့ နောက်ထပ် ကစားသမား ခေါ်ယူမှုက နောက်ခံလူတစ်ဦး ဖြစ်ကို ဖြစ်ရပါမယ်။ လစ်ဇက်အသင်းရဲ့ အူပါမီကာနို အတွက် စကားပြောဆိုမှုတွေ ရှိနေပါပြီ။ သူက ဗန်ဒိုက်လိုမျိုး နာမည်ကြီးတဲ့ ကစားသမား တစ်ဦးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူက လီဗာပူးအသင်း လိုချင်နေတဲ့ ကစားသမား တစ်ဦးပါ။ သူ့ကို ခေါ်ယူဖို့ ခပ်မြန်မြန် လုပ်ဆောင်သင့်ပြီး ဇန််နဝါရီ ၁ရက်နေ့မှာပဲ အသင်းထံ ရောက်ရှိလာအောင် ပိုက်ဆံ အပိုတွေ ပေးလိုက်ပါ။ ဒါဆိုရင် လီဗာပူးအသင်းဟာ ဗန်ဒိုက်မပါပဲ လိဂ်ပွဲ ၁၁ပွဲကိုသာ ကစားရတော့မှာပါ” ဆိုပြီး ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။