လီဗာပူးလ်အသင်းမှာ ကစားသမားဘဝ ကုန်ဆုံးတဲ့ အထိ ကစားခဲ့တဲ့ လီဗာပူးလ် နောက်ခံလူ ကစားသမားဟောင်း ကာရေဂါကတော့ လီဗာပူးလ် နောက်ခံလူ ဗန်ဒိုက်ဟာ ဘယ်အသင်းမှာမဆို ကစားနိုင်ပြီး ကမ္ဘာ့ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်တယ်လို့ ချီးကျူးသွားလိုက်ပါတယ်။ နယ်သာလန် ဗဟိုခံစစ်မှူး ဗန်ဒိုက်ဟာ လွန်ခဲ့တဲ့ (၂၀၁၈) ခုနှစ်က ဇန်နဝါရီလ အပြောင်းအရွေ့ ဈေးကွက်မှာ လီဗာပူးလ်အသင်းကို ပေါင် (၇၅) သန်းနဲ့ ပြောင်းရွေ့လာခဲ့ပြီး ဘလွန်းဒီအော်ဆု အဆင့် သတ်မှတ်ချက်မှာ မက်ဆီရဲ့ နောက် အဆင့် (၂) နေရာကို ရရှိနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ဗဟိုခံစစ်မှူး ဗန်ဒိုက်ကတော့ (၂၀၁၉) ခုနှစ်မှာ ယူအီအက်ဖ်အေရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆု ရရှိခဲ့ပြီး ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲ မရပ်နားခင်မှာ လီဗာပူးလ်အသင်းအတွက် အဓိက နောက်တန်း ကျောက်ဆောင်အဖြစ် ရပ်တည်ပေးခဲ့ပါတယ်။ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ နောက်တန်းကောင်းတာကြောင့် ပရီးမီးယား လိဂ် ပွဲစဉ် (၂၉) ပွဲ ကစားပြီးတဲ့ အချိန်မှာ (၁) ပွဲသာ ရှုံးထားပြီး လီဗာပူးလ် ဂန္တဝင် ခံစစ်မှူးဟောင်း ကာရေဂါကတော့ ဗန်ဒိုက်အနေနဲ့ ဘယ်အသင်းမှာမဆို ကစားနိုင်တယ်လို့ ပြောသွားပါတယ်။

Photo Credit: Goal

The Telegraph မှာ ကာရေဂါက “အတော်လေးကို ရိုးရှင်းပါတယ်။ သူက ကမ္ဘာ့ အကောင်းဆုံး ကစားသမား တစ်ဦးပါပဲ။ လီဗာပူးလ်အသင်းကို ရောက်လာကတည်းက ဘယ်အသင်းမှာမဆို ကစားနိုင်တဲ့ ကစားသမား ဖြစ်သွားခဲ့ပါတယ်။ သူက သိပ် ကောင်းပါတယ်။ တစ်ခါတစ်လေမှာ သူ့ကို လျှော့တွက်မိကြပါတယ်။ ကစားသမားဟောင်းတွေက အငြင်းအခုံ ပြုလုပ်ကြတဲ့ အခါမှာ သူ့ကို ပြောနေကြတာတွေက ထူးဆန်းပါတယ်။ သူက မနှစ်ကလိုပဲ ဒီနှစ်မှာလည်းပဲ လွမ်းမိုးမှု ရှိပါတယ်”လို့ လီဗာပူးလ် နောက်ခံလူ ဗန်ဒိုက်ကို အမွှမ်းတင် ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။