ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်း ဖြစ်တဲ့လီဗာပူး အသင်းရဲ့ ဂန္တဝင် နောက်ခံလူ တစ်ဦး ဖြစ်သလို လက်ရှိ အချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တစ်ဦး အဖြစ် လုပ်ကိုင် နေတဲ့ ကာရေဂါ ကတော့ ချယ်လ်ဆီး အသင်းရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဖြစ်သူ ဟားဗက် အနေနဲ့ ချယ်လ်ဆီး အသင်းရဲ့ နည်းပြ လမ်းပတ် အသုံးပြု နေတဲ့ ၄-၃-၃ ကစားကွက်မှာ အံမဝင်မှာကို စိုးရိမ်မိတယ် လို့ ချယ်လ်ဆီး အသင်းနဲ့ လီဗာပူး အသင်းတို့ရဲ့ ပွဲစဉ်အပြီးမှာ သုံးသပ် ပြောဆို သွားခဲ့ပါတယ်။ အသက် ၂၁ နှစ် သာ ရှိသေးတဲ့ ဂျာမန် လူငယ် ကစားသမား ဟားဗက် ဟာ လက်ရှိ နွေစျေးကွက် အတွင်းမှာ ဘွန်ဒက်လီဂါ ကလပ် လေဗာကူဆင် အသင်းမှ ချယ်လ်ဆီးအသင်း ထံ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ချယ်လ်ဆီး အသင်းရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် နှစ်ပွဲစလုံးမှာ ပွဲထွက် ကစားခွင့် ရခဲ့ပါတယ်။

Photo Credit: Mirror

ဒါပေမယ့် ဟားဗက်ဟာ အဆိုပါ နှစ်ပွဲစလုံးမှာ အသင်းအတွက် ခြေစွမ်းကောင်းတွေ ထုတ်ပြ နိုင်ခဲ့ခြင်း မရှိပဲ အသင်းရဲ့ ကစားကွက်မှာ အံဝင်ဖို့ ရုန်းကန်ခဲ့ ရပါတယ်။ ချယ်လ်ဆီးအသင်း က အိမ်ကွင်းမှာ လီဗာပူးအသင်း ကို နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာလည်း ဟားဗက်ဟာ ချယ်လ်ဆီးအသင်း အတွက် ပထမပိုင်း ၄၅ မိနစ်သာ ကစားခွင့် ရခဲ့ပြီး ဒုတိယပိုင်း ပြန်စချိန်မှာတော့ ကစားကွက်ပိုင်း ဆိုင်ရာ လိုအပ်ချက်ကြောင့် နောက်ခံလူ တိုမိုရီနဲ့ လူစားလဲခံခဲ့ ရပါတယ်။ အဆိုပါ ပွဲစဉ် ပြီးဆုံးသွားတဲ့ အချိန်မှာတော့ ကာရေဂါက သူ့အနေနဲ့ လက်ရှိ ချယ်လ်ဆီး အသင်းရဲ့ ကစားကွက် ဖြစ်တဲ့ ၄-၃-၃ ထဲမှာ ဟားဗက် တစ်ယောက် ခြေစွမ်းပြနိုင်မယ့် နေရာကို မသိရှိကြောင်းနဲ့ ဟားဗက်ဟာ နံပါတ် ၁၀ ကစားသမား ဖြစ်တာကြောင့် ၄-၃-၃ ကစားကွက်ထဲမှာ အံဝင်နိုင်မှာ မဟုတ်ဘူး လို့ သုံးသပ် ပြောကြား သွားခဲ့ပါတယ်။

Photo Credit: Mirror

ဟားမက်ရဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သတ်ပြီး ကာရေဂါက ” ကျွန်တော်က ဒီပွဲကို ကြည့်နေရင်းနဲ့ ဟားဗက်က ဘယ်နေရာမှာ ကစားနေတာလဲ ၊ ၄-၃-၃ ကစားကွက် ထဲမှာ ဟားဗက် အတွက် သင့်တော်တဲ့ နေရာက ဘယ်နေရာလဲ ဆိုတာ စဉ်းစားမိ ခဲ့ပါတယ်။ သူဟာ နံပါတ် ၁၀ နေရာမှာ ကစားတတ်တဲ့ ကစားသမား တစ်ဦးပါ။ ဒီလို ကစားသမားမျိုးကို လက်ရှိ ဘောလုံးလောက ထဲမှာ တွေ့မြင်ရဖို့ ခက်ခဲပါတယ်။ ဒီနေ့မှာ သူ ကစားသွားတဲ့ နေရာက ချယ်လ်ဆီးအသင်းနဲ့ အံဝင်နေတယ် လို့ ကျွန်တော် မထင်ပါဘူး ” လို့ ပြောကြား သွားခဲ့တာပါ။ လက်ရှိ အချိန်မှာတော့ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပိုင်ရှင် ဆိုတဲ့ ဖိအားအောက် ကို ဟားဗက် အနေနဲ့ ကျရောက် နေတယ် လို့ သုံးသပ်ရပြီး ချယ်လ်ဆီးအသင်း နည်းပြ ဖြစ်သူ လမ်းပတ် အနေနဲ့ ဟားဗက်ကို ပွဲထွက် ကစားခွင့် ပေးမယ့် အစား သူ့ရဲ့ နည်းစနစ်တွေနဲ့ အံဝင်အောင် လေ့ကျင့်ပေးပြီးမှ အသုံးပြုမယ် ဆိုပါက ဟားဗက်ဟာ ချယ်လ်ဆီးအသင်း အတွက် ကောင်းမွန်တဲ့ အရာတွေကို ယူဆောင် လာနိုင်လိမ့်မယ် လို့ ထင်မြင်မိပါတယ်။