MySport Myanmar

အီဆက်ခ်က အာဆင်နယ်ထက် လီဗာပူးလ်ကိုသာ ရွေးချယ်နိုင်တယ်လို့ ကာရေဂါ သုံးသပ်

နယူးကာဆယ်အသင်းရဲ့ ထိပ်တန်း တိုက်စစ်ကစားသမား အလက်ဆန်းဒါး အီဆက်ခ်ကို လက်ရှိမှာ ကလပ်အသင်းများစွာက စိတ်ဝင်စားလျက် ရှိနေပေမယ့်လည်း အီဆက်ခ်ကိုယ်တိုင်ကတော့ ဒီအသင်းထဲကမှ လီဗာပူးလ်ကိုသာ ရွေးချယ်နိုင်တယ်လို့ လီဗာပူးလ် ကစားသမားဟောင်းကြီး ဂျေမီ ကာရေဂါက သုံးသပ်ပြောဆိုလိုက်ပါတယ်။

အသက်(၂၅)နှစ်အရွယ် ဆွီဒင်လက်ရွေးစင် တိုက်စစ်မှူး အီဆက်ခ်ဟာ ၂၀၂၂ခုနှစ်ကတည်းက ဆိုစီဒက်ကနေ နယူးကာဆယ်အသင်းဆီ ရောက်လာခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကတည်းကနေ အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့သလို ဒီရာသီမှာဆိုရင်လည်း ပရီးမီးယားလိဂ်သွင်းဂိုး (၁၇)ဂိုးအထိ သွင်းယူထားပါတယ်။

Photo Credit : Goal

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာကတည်းက လိဂ်သွင်းဂိုး (၂၁)ဂိုးတောင် သွင်းထားခဲ့တဲ့ အီဆက်ခ်ကို အထူးသဖြင့် အာဆင်နယ်က အတော်လေး စိတ်ဝင်စားနေပြီး အသင်းရဲ့ အဓိကပစ်မှတ်အဖြစ်ပါ သတ်မှတ်ထားပေမယ့် ကာရေဂါကတော့ အီဆက်ခ်ဟာ အာဆင်နယ်ထက် လီဗာပူးလ်ဆီသာ ပြောင်းလာနိုင်တယ်လို့ ဆိုလိုက်ပါတယ်။

“အာဆင်နယ်ကို သွားမယ်ဆိုတာကို ကျွန်တော် သိပ်နားမလည်ဘူး။ အာဆင်နယ်က သူ့ကို လိုချင်မှာပဲ။ ဒါပေမယ့် အာဆင်နယ်တင် မဟုတ်ဘူး။ လီဗာပူးလ်လည်း တိုက်စစ်မှူး လိုအပ်တယ်။ နွေရာသီမှာ လီဗာပူးလ်လည်း တိုက်စစ်မှူး ရှာနေလိမ့်မယ်လို့ ထင်တယ်။ အီဆက်ခ်ကို ခေါ်လို့ရမယ်ဆိုရင် အာဆင်နယ်က ကြိုးစားမှာသေချာတယ်။ ဒါပေမယ့် လီဗာပူးလ်လည်း ပါဝင်လာနိုင်တယ်။”

Photo Credit : TEAMtalk

“ရီးရဲလ်မှာက အမ်ဘာပေ ရှိနေတော့ ပြဿနာရှိတယ်။ ဘာစီလိုနာမှာ ပိုက်ဆံရှိရဲ့လားတော့ မသိဘူး။ ဒါပေမယ့် လီဝန်ဒေါစကီး အသက်ကြီးလာတော့ သူတို့လည်း တိုက်စစ်မှူး လိုချင်နေမှာပဲ။ အီဆက်ခ်သာ နယူးကာဆယ်လ်က ထွက်သွားရင် ချန်ပီယံလိဂ်ကို ရယူနိုင်မယ့် အသင်းကိုပဲ သွားသင့်တယ်။ သူက အရမ်းကောင်းတဲ့ ကစားသမားမို့ပါ။ အီဆက်ခ် အကြောင်း လူတွေပြောနေကြတာ ခင်ဗျားတို့လည်း ကြားပြီးပြီထင်ပါတယ်။”

“အာဆင်နယ်က သူ့ကို ခေါ်မယ်လို့ ပြောနေကြတာ ပိုများတယ်။ ဒါပေမယ့် အာဆင်နယ်ပရိသတ်အနေနဲ့ ဒါ ဖြစ်နိုင်တယ်လို့ ထင်လား။ သူ့ရဲ့ စာချုပ်က သုံးနှစ်ကျန်သေးတယ်။ လီဗာပူးလ်လည်း တိုက်စစ်မှူး အရမ်းလိုနေတာပဲ။ ဒါပေမယ့် လီဗာပူးလ်က သူ့ကို ခေါ်ယူမယ်ဆိုတဲ့အကြောင်း ဘာမှမကြားမိဘူး။ အာဆင်နယ်က အီဆက်ခ်ကို ခေါ်ယူမယ်ဆိုတာ ဘယ်ကလာတဲ့ သတင်းလဲ ကျွန်တော် မသိဘူး။ လီဗာပူးလ်လည်း လိုအပ်နေတာပဲ။ သူတို့သာ ပရီးမီးယားလိဂ်ဖလား ရလိုက်မယ်ဆိုရင် အီဆက်ခ်က လိဂ်ချန်ပီယံအသင်းကိုပဲ ရွေးမှာပေါ့။ ကျွန်တော်တော့ အာဆင်နယ်အတွက် မဖြစ်နိုင်ဘူးလို့ ထင်တယ်။ အာဆင်နယ်က ပေါင်သန်း(၁၃၀) ပေးနိုင်လို့လား။” လို့ သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version