ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို လက်ရှိအချိန်မှာ အောင်မြင် ကျော်ကြားတဲ့ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဂျေမီ ကာရေဂါက ယခုနှစ် ဘောလုံးရာသီမှ ဒေါ့မွန်ကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့လာခဲ့တဲ့ နော်ဝေကြယ်ပွင့် တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ထာဝရ အကောင်းဆုံး ကစားသမား ဖြစ်လာနိုင်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ နော်ဝေလက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းက လက်ရှိ ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူး ၅ဦး စာရင်းဝင်တဲ့ ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ်ပြီး သူက ယခု နွေဈေးကွက်မှာမှ ဒေါ့မွန်ကနေ မန်ချက်စတာ စီးတီးထံ ရောက်ရှိလာခဲ့ပေမယ့် အချိန်တိုအတွင်းမှာပဲ မန်ချက်စတာ စီးတီးရဲ့ ကစားကွက်နဲ့ အံဝင်ခွင်ကျ ဖြစ်အောင် ကစားနိုင်ခဲ့ပါတယ်။

Photo Credit: Sports Max

အာလင်း ဟာလန်းက ယခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်ချက်စတာ စီးတီးအတွက် ၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၉ဂိုး အထိ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ သမိုင်းတလျှောက် အဖွင့်ပွဲ ၅ပွဲမှာ ဂိုးအများဆုံး သွင်းယူနိုင်တဲ့ ကစားသမား ဆိုတဲ့ စံချိန်မှတ်တမ်းကောင်းကိုပါ ပိုင်ဆိုင်ထားပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီးရဲ့ အဓိက ပြိုင်ဘက်အသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ ဂန္တဝင် ကစားသမား ဖြစ်သူ ကာရေဂါက ဟာလန်းရဲ့ ခြေစွမ်းကို အထူးတလည် ချီးကျူးခဲ့တာ ဖြစ်ပြီး ကာရေဂါကတော့ အာလင်း ဟာလန်းရဲ့ မန်ချက်စတာ စီးတီး ကစားသမားဘဝ အဆုံးသတ်သွားတဲ့ အချိန်မှာ လူတွေက သူ့ကို ပရီးမီးယားလိဂ်ရဲ့ ထာဝရ အကောင်းဆုံး ကစားသမား အဖြစ် ချီးကျူးနေနိုင်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Sports Max

ကာရေဂါက – “မန်ချက်စတာ စီးတီးက ကောင်းမွန်တဲ့ ကစားသမားသစ် ခေါ်ယူမှုတွေနဲ့အတူ အတော်လေး ကောင်းတဲ့ နွေဈေးကွက် တခုကို ရခဲ့တာပါ။ သူတို့က တိုက်စစ်ကစားသမား တချို့ကို (စတာလင်းနဲ့ ဂျေဇူး) ဆုံးရှုံးခဲ့ရပေမယ့် အယ်ဗာရက်ဇ်လို အရည်အသွေး ရှိတဲ့ တိုက်စစ်မှူး တဦးနဲ့ ဟာလန်းလို အံ့ဩစရာကောင်းတဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားတဲ့ တိုက်စစ်မှူးကို ခေါ်ယူနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲက ဟာလန်းလို ထိပ်တန်း ကစားသမားကို ပိုင်ဆိုင်နိုင်ခဲ့တာဟာ ကောင်းမွန်တဲ့ အချက်တခုပါ။ ဒါပေမယ့် ကျွန်တော်ကတော့ ဟာလန်းရဲ့ မန်ချက်စတာ စီးတီး ကစားသမား ဘဝ အဆုံးသတ်သွားတဲ့ အချိန်မှာ လူတွေဟာ သူ့ရဲ့ ထူးခြားမှုတွေ အကြောင်းကို ပြောဖြစ်ကြလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့က သူ့ကို အွန်နရီနဲ့ တတန်းထဲ ထားပြီး ချီးကျူးတာမျိုး လုပ်ဖြစ်ကြပါလိမ့်မယ်။ ဟာလန်းက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ထာဝရ အကောင်းဆုံး ကစားသမား အဖြစ်နဲ့ အဆုံးသတ်မျိုးတောင် ဖြစ်နိုင်ပါတယ်။ သူက အရမ်းကို ကောင်းတဲ့ ရာသီအစကို ပိုင်ဆိုင်ထားတာပါ။ ကျွန်တော်ကတော့ သူ့ရဲ့ ခြေစွမ်းတွေကို ထပ်ကြည့်ဖို့ စိတ်လှုပ်ရှားနေပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။