ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို အောင်မြင်ကျော်ကြားတဲ့ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဂျေမီ ကာရေဂါကတော့ ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးဟာ နော်ဝေကြယ်ပွင့် တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ရပ်တန့်ဖို့ ခက်ခဲတဲ့ အသင်းတသင်း ဖြစ်သွားပြီလို့ သုံးသပ်သွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးက ဂန္တဝင် တိုက်စစ်မှူး ဆာဂျီယို အဂူရိုကို ဆုံးရှုံးခဲ့ရပြီးနောက် အသင်းရဲ့ အားနည်းချက် တခုလို ဖြစ်နေတဲ့ တိုက်စစ်ပိုင်း အတွက် နော်ဝေကြယ်ပွင့် တိုက်စစ်မှူး အာလင်း ဟာလန်းကို ဒေါ့မွန်ကနေ စာချုပ်ဖျက်သိမ်းကြေး ယူရို ၆၅သန်း ပေးချေကာ ၅နှစ် စာချုပ်နဲ့ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Daily Mail

မန်ချက်စတာ စီးတီးက အာလင်း ဟာလန်းကို ခေါ်ယူနိုင်ခဲ့ကြောင်းကို ယမန်နေ့ညမှာပဲ တရားဝင် ထုတ်ပြန် ကြေညာခဲ့သလို ဟာလန်းကလည်း သူဟာ မန်ချက်စတာ စီးတီးနဲ့အတူ ဆုဖလား အောင်မြင်မှုတွေ ရယူကာ သူ့ရဲ့ ကစားသမားဘဝ နောက်တဆင့် မြင့်တက်အောင် ကြိုးပမ်းသွားမယ်လို့ ကြုံးဝါးထားပါတယ်။

စပိန်ထိပ်သီးနည်းပြ ပပ် ဂွာဒီယိုလာ ဦးဆောင်နေတဲ့ မန်ချက်စတာ စီးတီးက ပြီးခဲ့တဲ့ ဘောလုံးရာသီကို အထောင်တိုက်စစ်မှူး စစ်စစ် တဦး မရှိပဲ ဖြတ်သန်းခဲ့ရပေမယ့် သူတို့က ဥရောပရဲ့ အကောင်းဆုံးအသင်း ၅သင်းထဲ ပါဝင်နေကြောင်းကို ခြေစွမ်းကောင်းတွေနဲ့အတူ သက်သေပြနိုင်ခဲ့ပြီး ဟာလန်းလိုမျိုး ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦးကို ခေါ်ယူနိုင်ခဲ့ပြီးနောက် မန်ချက်စတာ စီးတီးရဲ့ ခြေစွမ်းတွေက ယခင်ကထက် ပိုမို တိုးတက်လာဖို့ပဲ ရှိနေပါတယ်။

Photo Credit: Daily Mail

နောက်ပိုင်းနှစ်တွေမှာ မန်ချက်စတာ စီးတီးရဲ့ အဓိကပြိုင်ဘက် ဖြစ်နေတဲ့ လီဗာပူးရဲ့ ဂန္တဝင် နောက်ခံလူ ကာရေဂါကလည်း ဟာလန်း ရောက်လာတာကြောင့် မန်ချက်စတာ စီးတီးရဲ့ ခြေစွမ်းပိုင်းက အတော်လေး တိုးတက်မှု ရှိလာနိုင်ကြောင်း ဝန်ခံသွားခဲ့သလို မန်ချက်စတာ စီးတီးကို တားဆီးနိုင်ဖို့ အရမ်းကို ခက်သွားပြီလို့လည်း သုံးသပ်သွားခဲ့ပါတယ်။

ကာရေဂါက – “ဟာလန်း ရောက်လာတာက တခြား ပရီးမီးယားလိဂ်ကလပ်တွေ အတွက် စိုးရိမ်ပူပန်စရာ တခုပါပဲ။ ဟာလန်းက ငယ်ရွယ်သေးပေမယ့် ကမ္ဘာ့ထိပ်တန်း ကစားသမား တဦး ဖြစ်နေပါပြီ။ ဒါပေမယ့် ဒီလိုမျိုး ပြောနေလို့ တခြားအသင်းတွေက မန်ချက်စတာ စီးတီးနဲ့ မကစားရခင်မှာတင် အလံဖြူပြပြီး အရှုံးပေးစရာ မလိုပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဟာလန်း တယောက် မန်ချက်စတာ စီးတီးနဲ့ အံဝင်မလား ဆိုတာက စိတ်ဝင်စားစရာ ကောင်းတဲ့ မေးခွန်းတခု ဖြစ်နေလို့ပါ။ ဂွာဒီယိုလာက အထောင်တိုက်စစ်မှူး စစ်စစ် တယောက်ကို သူ့ရဲ့ ကစားကွက်မှာ အဓိကထားပြီး အသုံးမပြုတာ အတော်လေးကို ကြာနေပါပြီ။ ဒါကြောင့် သူက ဟာလန်းကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ အတော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ ပရိသတ် တဦးအနေနဲ့ ပြောရရင် ဟာလန်းလို ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦးကို ကိုယ်အားပေးတဲ့ လိဂ်မှာ မြင်ရလို့ ကျေနပ်ပါတယ်။ ဟာလန်းရဲ့ အပြောင်းအရွှေ့က လူတိုင်းအတွက် အတော်လေး စိတ်လှုပ်ရှားစရာ ကောင်းနေသလို လာမယ့်ရာသီမှာ မန်ချက်စတာ စီးတီးကို ရပ်တန့်ဖို့က အရမ်းကို ခက်ခဲပါလိမ့်မယ်” လို့ သုံးသပ်သွားခဲ့တာပါ။