MySport Myanmar

ရမ်စဒဲလ်ကို သုံးနေသရွေ့ အာဆင်နယ်က လိဂ်ချန်ပီယံ မဖြစ်နိုင်ဘူးလို့ ကာရေဂါ သုံးသပ်

ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင် နောက်ခံလူတွေထဲက တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ ဂျေမီ ကာရေဂါက လက်ရှိမှာ ခြေစွမ်းကောင်းနေတဲ့ အာဆင်နယ်ဟာ သူတို့ရဲ့ နံပါတ်တစ် ဂိုးသမား ရမ်စဒဲလ်ကို ပွဲထွက်ခွင့် ပေးနေသရွေ့ ပရီးမီးယားလိဂ် ဆုဖလားကို ရယူနိုင်မှာ မဟုတ်ဘူးလို့ ဝေဖန် သုံးသပ်သွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဂိုးသမား ရမ်စဒဲလ်က ၂၀၂၁ခုနှစ်မှာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားတဲ့ ရှက်ဖီးလ် ယူနိုက်တက် ကနေ အာဆင်နယ်ထံ ပြောင်းရွှေ့ကြေး ယူရို ၂၈သန်းထဲနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူဟာ အာဆင်နယ်ဆီ ရောက်ရှိကတည်းက အသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာကို သိမ်းပိုက်ထားနိုင်သူပါ။

Photo Credit: Football Transfer

ရမ်စဒဲလ်က ဘောလုံးကိုင် ကစားရာမှာ ထူးချွန်သလို လက်စွမ်းလည်း မြင့်မားတဲ့ ဂိုးသမားကောင်း တဦး ဖြစ်ပြီး သူက အာဆင်နယ် အတွက် ပြိုင်ပွဲစုံမှာ ၈၃ပွဲ ပါဝင် ကစားပေးထားရာ ပေးဂိုးမရှိတဲ့ပွဲ ၃၀ပွဲ ရခဲ့သလို ပေးဂိုးကလည်း ၉၂ဂိုး ရှိခဲ့ပါတယ်။

ရမ်စဒဲလ်က လက်စွမ်းကောင်းတဲ့ ဂိုးသမား တဦး ဖြစ်ပေမယ့် တခါတရံမှာ မဖြစ်သင့်တဲ့ အမှားတွေ ကျူးလွန်မိတာ ၊ ကာကွယ်သင့်တဲ့ ကန်ချက်တွေကို မကာကွယ်နိုင်တာ စတဲ့ အားနည်းချက်တွေ ရှိပြီး အဆိုပါ အားနည်းချက်တွေကြောင့်ပဲ အာဆင်နယ်က ပြီးခဲ့တဲ့ နွေဈေးကွက်အတွင်းမှာ ဘရန့်ဖို့ဒ် ဂိုးသမား ရာယာကို အငှား + အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: The Sun

ရမ်စဒဲလ်က ဒီရာသီအစမှာလည်း အာဆင်နယ် အတွက် ဆက်တိုက် ပွဲထွက်ခွင့် ရခဲ့ပေမယ့် အာဆင်နယ်ရဲ့ နောက်ဆုံး ၂ပွဲ ဖြစ်တဲ့ အဲဗာတန် ၊ ပီအက်စ်ဗွီ စတဲ့ ပွဲတွေမှာ အရန်ခုံ၌သာ ထိုင်ခဲ့ရပြီး အာဆင်နယ်နည်းပြချုပ် အာတီတာက ရာယာကိုသာ ပွဲထုတ်နေခဲ့ပါတယ်။

လက်ရှိမှာ အာတီတာက ရာယာကို အာဆင်နယ်ရဲ့ နံပါတ်၁ ဂိုးသမား အဖြစ် သတ်မှတ်လိုက်ပြီလား ဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေပြီး ကာရေဂါကတော့ အာတီတာရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံ ကြိုဆိုလိုက်သလို အာတီတာကသာ ရမ်စဒဲလ်ကို ဆက်သုံးနေရင် အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံ မဖြစ်နိုင်ဘူးလို့ ပြောကာ ရမ်စဒဲလ်ကို ဝေဖန်သွားခဲ့ပါတယ်။ ကာရေဂါက – “အရည်အချင်း တူညီတဲ့ ဂိုးသမား ၂ယောက် ရှိနေတာက ဂိုးသမားတွေရဲ့ စိတ်ဓာတ်ပိုင်းကို ထိခိုက်စေတယ် ဆိုတဲ့ စကားတွေကို လက်ခံပါတယ်။ ဒါပေမယ့် အာတီတာက အသင်းရဲ့ ကစားကွက်ကို ပိုပြီး အသက်ဝင်စေမယ့် ဂိုးသမားကို သုံးသင့်ပါတယ်။ ကျွန်တော်ကတော့ ရာယာဟာ ရမ်စဒဲလ်ထက် ပိုကောင်းတဲ့ ဂိုးသမားလို့ ယုံကြည်ထားပါတယ်။ တကယ်လို့ ရမ်စဒဲလ်ကသာ ဂိုးပေါက်မှာ ဆက်ရှိနေရင် အာဆင်နယ်ဟာ ဘယ်တော့မှ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မှာ မဟုတ်ပါဘူး။ ရမ်စဒဲလ်က အာဆင်နယ် အတွက် ကစားနေရပေမယ့် အင်္ဂလန်မှာ ကစားခွင့် မရခဲ့တဲ့ ဂိုးသမားပါ” လို့ ဝေဖန် သုံးသပ်သွားခဲ့တာပါ။

Exit mobile version