ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးနဲ့ အင်္ဂလန်ရဲ့ နောက်ခံလူဟောင်း တဦး ဖြစ်သလို လက်ရှိအချိန်မှာ အောင်မြင်ကျော်ကြားတဲ့ ဘောလုံးရေးရာ ဝေဖန် သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ကာရေဂါကတော့ ယမန်နေ့မှာပဲ မန်ချက်စတာ ယူနိုက်တက်က နည်းပြသစ် အဖြစ် ခန့်အပ်ခြင်းကို ခံခဲ့ရတဲ့ နယ်သာလန်လူမျိုး နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ဟာ ထိပ်တန်းနည်းပြ တဦး မဟုတ်ကြောင်း ဝေဖန်လိုက်ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ သူတို့အသင်းရဲ့ လစ်လပ်နေတဲ့ အမြဲတမ်းနည်းပြရာထူး အတွက် နယ်သာလန် ထိပ်သီးကလပ် အေဂျက်နဲ့အတူ တောက်ပနေတဲ့ နယ်သာလန်လူမျိုး နည်းပြတဦး ဖြစ်သူ အဲရစ် တန်ဟက်ဂ်ကို ၄နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ခေါ်ယူ ခန့်အပ်ခဲ့ကြောင်းကို ယမန်နေ့ နေ့လယ်ပိုင်းမှာပဲ တရားဝင် ထုတ်ပြန် ကြေညာခဲ့တာပါ။

Photo Credit: Sky Sports

နယ်သာလန်လူမျိုး နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ဟာ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာရဲ့ လက်အောက်မှာ လုပ်ကိုင်ခဲ့ဖူးတဲ့ နည်းပြ တဦး ဖြစ်သလို အေဂျက်ကိုလည်း လူငယ် ကစားသမား အများအပြားနဲ့ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့် အထိ ရောက်ရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တာကြောင့် အလားအလာ ရှိတဲ့ နည်းပြကောင်း တဦး အဖြစ် သတ်မှတ်ခံထားရပါတယ်။

ဒါပေမယ့် လီဗာပူးရဲ့ ကစားသမားဟောင်း တဦး ဖြစ်တဲ့ ကာရေဂါကတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ တန်ဟက်ဂ်ကို နည်းပြသစ် အဖြစ် ခန့်အပ်မှုဟာ မှားယွင်းတဲ့ လုပ်ဆောင်မှု တခု ဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်၄ အတွင်း ဝင်ရောက်နေတဲ့ ဘယ်အသင်းကမှ တန်ဟက်ဂ်ကို နည်းပြသစ် မခန့်ချင်ကြဘူးလို့လည်း လှောင်ပြောင်သွားခဲ့ပါသေးတယ်။

Photo Credit: Sky Sports

ကာရေဂါက – “တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက်ကို ကိုင်တွယ်ပြီးတဲ့နောက် ကြီးမားတဲ့ စိန်ခေါ်မှု ၄ခုကို ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ သူတို့ကတော့ ဂွာဒီယိုလာ ၊ ကလော့ပ် ၊ တူဟယ်လ်နဲ့ ကွန်တီတို့ပါ။ တန်ဟက်ဂ်က ဘယ်လောက်ပဲ ကောင်းပါတယ် ပြောပြော ၊ သူက ဘယ်လောက်အထိ သက်သေပြထားတယ်ပဲ ဆိုဆို သူက ကမ္ဘာ့အကောင်းဆုံး နည်းပြတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ သူက လူစာရင်းကို အပြောင်းအလဲ မလုပ်ပဲနဲ့ ဂွာဒီယိုလာတို့ အုပ်စုကို မယှဉ်နိုင်ပါဘူး။ လူတွေက မန်ချက်စတာ ယူနိုက်တက်ရဲ့ အင်အားဖြည့်တင်းမှု (တန်ဟက်ဂ်ကို ခေါ်ယူ ခန့်အပ်မှုအား ရည်စူးလျက်) အပေါ် အတော်လေး စိတ်လှုပ်ရှားနေပေမယ့် ကျွန်တော်ကတော့ မန်ချက်စတာ စီးတီး ၊ လီဗာပူး ၊ ချယ်လ်ဆီးနဲ့ စပါးတို့က သူတို့ရဲ့ နည်းပြတွေကို တန်ဟက်ဂ်နဲ့ လဲဖို့ မစဉ်းစားကြပါဘူး” လို့ ဝေဖန်သွားခဲ့တာပါ။