ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ ဂန္တဝင် ဗဟိုနောက်ခံလူ တဦး ဖြစ်သလို လက်ရှိအချိန်မှာ Sky Sportsရဲ့ ဘောလုံးရေးရာ သုံးသပ် ဝေဖန်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ကာရေဂါကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အင်္ဂလန်ဒါဘီမှာ သူ့ရဲ့ အသင်းဟောင်း လီဗာပူးက ခါးသီးပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို အဝေးကွင်းမှာ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် လီဗာပူးအတွက် စိုးရိမ်နေရပြီ ဖြစ်ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဆင့်၂နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့တဲ့ လီဗာပူးက ယခုနှစ် ဘောလုံးရာသီမှာတော့ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပြီး အဖွင့်ပွဲ ၂ပွဲမှာ ဖူလ်ဟမ် ၊ ပဲလေ့စ်တို့လို အသင်းငယ်တွေနဲ့ ကစားခဲ့ရပေမယ့် နောက်ကျ ချေပဂိုးတွေကြောင့်သာ သရေရလဒ်တွေ ပိုင်ဆိုင်ခဲ့တာ ဖြစ်သလို ပွဲစဉ်(၃) အဖြစ် မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင် ကစားခဲ့ရာမှာလည်း ၂-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

Photo Credit: Express

ဒါကြောင့် လီဗာပူးက ပရီးမီးယားလိဂ် ပွဲစဉ်(၃) အပြီးမှာ ရမှတ် ၂မှတ်သာ စုဆောင်းထားနိုင်ပြီး အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ အာဆင်နယ်နဲ့ ရမှတ် ၇မှတ် ၊ အဓိကပြိုင်ဘက် မန်ချက်စတာ စီးတီးနဲ့ ရမှတ် ၅မှတ် ပြတ်သွားတာကြောင့် ချန်ပီယံဆုကို စိန်ခေါ်ချင်သေးရင် လာမယ့်ပွဲတွေမှာ အမှားအယွင်းတွေ ထပ်မံ မလုပ်မိဖို့ လိုအပ်နေပါပြီ။

လီဗာပူးရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိအချိန် အထိ အသင်းကို နှစ်နှစ်ကာကာ အားပေးနေသေးတဲ့ ကာရေဂါကလည်း မန်ချက်စတာ ယူနိုက်တက် ၂-၁ လီဗာပူး ပွဲစဉ်အပြီးမှာ သူတို့အသင်းရဲ့ အခြေအနေ အတွက် စိုးရိမ်မိလာကြောင်းနဲ့ အသင်းဟာ ခြေစွမ်းပိုင်းတင်မကပဲ စိတ်ဓာတ်ပိုင်းမှာပါ ထိခိုက်မှုတွေ ရှိနေတာကို မြင်တွေ့နေရကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Express

ကာရေဂါက – “ဒီနေ့ပွဲ အပြီးမှာ လီဗာပူးအတွက် စိုးရိမ်စရာတွေ ရှိလာပါပြီ။ ဒါက ပွဲရလဒ်ကြောင့် မဟုတ်ပါဘူး။ ခင်ဗျားတို့က မန်ချက်စတာ ယူနိုက်တက်ကို အဝေးကွင်းမှာ လာရောက် ရင်ဆိုင်ရရင် ခက်ခဲတဲ့ ပွဲတပွဲကို ကစားရမှာ ဖြစ်သလို ရှုံးနိမ့်နိုင်ချေလည်း ရှိပါတယ်။ ဒါပေမယ့် လီဗာပူး ကစားသမားတွေရဲ့ ဒီနေ့လို ဒါဘီပွဲမျိုးမှာ ပွဲကို စတင်တဲ့ ပုံစံကို ကြည့်လိုက်ရင် သူတို့အတွက် စိုးရိမ်စရာတွေ ရှိနေတာကို အတိုင်းသား မြင်နေရပါတယ်။ ဒီနေ့ပွဲမှာဆိုရင် မန်ချက်စတာ ယူနိုက်တက်က ပွဲစပြီဆိုတာနဲ့ သူတို့တွေ ဒီပွဲမှာ ရလဒ်ကောင်း ရယူနိုင်အောင် အစွမ်းကုန် ကြိုးစားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ယူနိုက်တက် ကစားသမားတွေက ပွဲအစ ၁၅မိနစ် ၊ မိနစ် ၂၀လောက်မှာပဲ သူတို့ရဲ့ အသက်တွေက ဒီပွဲနဲ့ ဆက်စပ်နေသလိုမျိုး အစွမ်းကုန် ကြိုးစားခဲ့ကြသလို ပရိသတ်တွေကလည်း သူတို့ကို အားပေးခဲ့ကြပါတယ်။ ပြီးတော့ သူတို့က တကယ်လည်း ရလဒ်ကောင်းကို ရယူနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ လီဗာပူးကို ကြည့်လိုက်ရင် အဲ့ဒီလို စိတ်ဓာတ်မျိုး မရှိခဲ့တာကို မြင်နေရပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။