MySport Myanmar

အာနိုးက သူရဲ့ ဘာလွန်းဒေါ အိမ်မက်ကြောင့် ရီးယဲလ်ဆီ ပြောင်းလိမ့်မယ်လို့ ကာရေဂါ သုံးသပ်

လီဗာပူးလ် ကစားသမားဟောင်းကြီး ကာရေဂါက လက်ရှိ လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ညာနောက်ခံလူ ထရန့် အလက်ဆန်းဒါး အာနိုးအနေနဲ့ သူရဲ့ ဘာလွန်းဒေါဆု ရည်မှန်းချက်ကြောင့် လီဗာပူးလ်က ထွက်ခွာပြီး ရီးယဲလ် မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့လိမ့်မယ်လို့ သုံးသပ် ပြောဆိုလိုက်ပါတယ်။

အင်္ဂလန် လက်ရွေးစင် ညာနောက်ခံကစားသမား အာနိုးဟာ ဒီရာသီအကုန်မှာပဲ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာ ဖြစ်သလို သူ့ကိုလည်း ရီးယဲလ် မက်ဒရစ်အသင်းက ACL ထိလို့ ကာလရှည်ကြာ အနားယူနေရတဲ့ ကာဗာဟယ်ရဲ့နေရာမှာ အစားထိုးချင်နေတာကြောင့် အာနိုးရဲ့ အနာဂတ်က အတော်လေး လှုပ်ခတ်နေရပါတယ်။

Photo Credit : Football365

လီဗာပူးလ်မှာ ဒုတိယ ဦးစားပေး အသင်းခေါင်းဆောင်တောင် ဖြစ်နေတဲ့ အာနိုးက အသင်းနဲ့ သက်တမ်းတိုးသွားဖို့ အစီအစဉ် ရှိနေပေမယ့် သူရဲ့ အင်တာဗျူးတစ်ခုမှာ ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ထက် ဘာလွန်းဒေါဆုကိုသာ ရယူချင်တယ်လို့ ပြောဆိုလာမှုကို လီဗာပူးလ် ကစားသမားဟောင်းကြီး ကာရေဂါက အာနိုးအနေနဲ့ ဒီလိုပြောဆိုမှုဟာ ရီးယဲလ်ကို သွားချင်တယ်လို့ စကားမျိုး ဖြစ်နိုင်တယ်လို့ သုံးသပ်လိုက်ပါတယ်။

“ဘာလွန်းဒေါဆု ရယူနိုင်ဖို့ ကြိုးစားနိုင်ပါတယ်။ ဒါပေမယ့် သူပြောတာကို ဖတ်လိုက်ရပြီး ကျွန်တော် တွေးမိတာက သူ လီဗာပူးလ်ရဲ့ ညာခြမ်းခံစစ်မှာ ကစားပြီး ဘာလွန်းဒေါကို မရနိုင်ဘူးဆိုတာပဲ။ ဘာလွန်းဒေါဆုရှင် အများစုက ရီးယဲလ်နဲ့ ဘာစီလိုနာမှာ ကစားကြသူတွေ။ အဲ့ဒီက ကစားသမားတွေပဲ ရကြတာ။ သူ့ကို ကမ္ဘာ့ဖလားရယ် ချန်ပီယံလိဂ်ဖလားရယ် ဘာလွန်းဒေါရယ် ရွေးခိုင်းတာကို သူက ဘာလွန်းဒေါဆုကို ရွေးတာလို့ ကျွန်တော်ထင်တယ်။”

Photo Credit : The Mirror

“သူက အဲ့ဒီဆုအတွက် အန္တိမ ရည်မှန်းချက်ထားနေတာဆိုရင် ဒါက နည်းနည်းလေးတော့ ထူးဆန်းနေတယ်လို့ ထင်မိပါတယ်။ ဒါပေမယ့်လည်း သူ့ဆီမှာ ဒီလိုကြီးမားတဲ့ ရည်မှန်းချက်ကြီး ရှိနေတာဆိုရင်လည်း ဒါဟာ ဘာလို့ မလုပ်နိုင်ရမှာလဲ။ ပြီးတော့ ကစားသမားဘဝဆိုတာကလည်း တစ်ကြိမ်ပဲ ရနိုင်တာလေ။ သူက ပြိုင်ဘက်ကင်းတဲ့ full-back တစ်ဦး ဖြစ်သလို အံ့အားသင့်စရာကောင်းတဲ့ ကစားသမားပါ။”

“ဒါပေမယ့် ကျွန်တော် သူ့အင်တာဗျူးကို ဖတ်ကြည့်ပြီးသွားတော့ ဒီထဲက စကားတွေအရ သူ ရီးယဲလ် မက်ဒရစ်အသငး်ဆီ သွားလိမ့်မယ်လို့ ကျွန်တော် ထင်လာမိပါတယ်။ ကျွန်တော်က ဆာလာနဲ့ ဗန်ဒိုက်တို့ အသင်းမှာ ဆက်ရှိနေမယ်လို့ ထင်ပေမယ့် ထရန့်ကတော့ အချိန်တန်ရင် လီဗာပူးလ်က ထွက်သွားလိမ့်မယ်လို့ပဲ ထင်မိပါတယ်။” ကာရေဂါက သုံးသပ် ပြောဆိုလိုက်ပါတယ်။

Exit mobile version