ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ကာရေဂါကတော့ ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ အာဆင်နယ်ဟာ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ ချန်ပီယံလုဘက် ဖြစ်နေပြီလို့ သုံးသပ်စကား ပြောကြားသွားခဲ့ပါတယ်။

လန်ဒန်မြို့ခံအသင်း တသင်း ဖြစ်တဲ့ နာမည်ကြီးကလပ် အာဆင်နယ်က အသင်းရဲ့ ဂန္တဝင် နည်းပြကြီး အာစင်ဝင်းဂါး မရှိတော့တဲ့နောက် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံလုပွဲမှာ မပါဝင်နိုင်တော့ပဲ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ကိုတောင် အသည်းအသန် ရုန်းကန် ကြိုးစားနေရတဲ့ အသင်းတသင်း ဖြစ်ခဲ့ပါတယ်။

Photo Credit: Daily Star

ဒါပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ အာဆင်နယ်က နည်းပြ အာတီတာရဲ့ ဦးဆောင်မှုနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပြီး ပရီးမီးယားလိဂ် ပွဲစဉ်(၇) အပြီးမှာ ၆ပွဲ အထိ အနိုင်ရရှိထားကာ ၁ပွဲသာ ရှုံးနိမ့်ထားတာကြောင့် အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာကို သိမ်းပိုက်ထားနိုင်ပါတယ်။

ဒါကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက အာဆင်နယ်ဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို အလွယ်တကူ ရယူနိုင်လိမ့်မယ်လို့ မှတ်ချက်ပေးထားကြပြီး ကာရေဂါကတော့ အာဆင်နယ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ကို အရယူနိုင်ရုံ သာမကပဲ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ ချန်ပီယံလုဘက် ဖြစ်လာလိမ့်မယ်လို့ပါ ဟောကိန်းထုတ်သွားခဲ့ပါတယ်။

Photo Credit: Daily Star

ကာရေဂါက – “ဒီရာသီမှာ ပြသနေတဲ့ အာဆင်နယ်ရဲ့ ခြေစွမ်းတွေကို ကြည့်လိုက်ရင် ခင်ဗျားတို့ တခါမှ မမြင်ဖူးတဲ့ အာဆင်နယ်ကို ကြည့်နေရသလို ဖြစ်နေမယ် ဆိုတာ ရဲရဲကြီး အာမခံရဲပါတယ်။ ကျွန်တော်က အာဆင်နယ်ဟာ ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိတဲ့ အသင်းတသင်းလို ခြေစွမ်းပြနေတာကို ပြောချင်တာပါ။ ကျွန်တော်က အမြဲတမ်း အာတီတာရဲ့ နည်းစနစ်တွေကို သဘောကျခဲ့ပါတယ်။ ကျွန်တော်က သူ့ရဲ့ ပရိသတ်လို့ ပြောရင်လည်း မမှားပါဘူး။ သူက အရမ်းကို သတ္တိရှိသလို ဒီရာသီ အာဆင်နယ်ကို ကြည့်လိုက်ရင် သူဟာ လူငယ်တွေနဲ့ သွေးသစ်လောင်းထားတာကို ခင်ဗျားတို့ မြင်ရပါလိမ့်မယ်။ အာဆင်နယ်ရဲ့ လူငယ် ကစားသမား အများစုက ဒီနှစ်မှာ ပြီးခဲ့တဲ့နှစ်ထက် အတွေ့အကြုံတွေ ပိုမို ရင့်ကျက်လာသလို ဂျေဇူးနဲ့ ဆာလီဘာတို့ရဲ့ ပေါင်းစပ်မှုကလည်း သူတို့ကို အများကြီး ပြောင်းလဲသွားစေခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ အာဆင်နယ်ဟာ ချန်ပီယံဖြစ်ဖို့ ပိုမို နီးစပ်လာပြီလို့ပဲ ပြောချင်ပါတယ်” ဆိုပြီး အာဆင်နယ်နဲ့ ပတ်သတ်တဲ့ သူ့ရဲ့ ယူဆချက်တွေကို ပြောကြားသွားခဲ့တာပါ။