နောက်ခံ ကစားသမားဟောင်း ကာရေဂါကတော့ လီဗာပူးလ်အသင်းဟာ အက်သကလ်တီကို အသင်းနဲ့ ကစားမယ့် ပွဲစဉ်မှာ တန်ပြန်တိုက်စစ်ကို အသုံးပြုသင့်တယ်လို့ ပြောသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ယနေ့ည (၂း၃၀) အချိန်မှာ အက်သလက်တီကိုအသင်းနဲ့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ဒုတိယ အကျော့ ပွဲစဉ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမ အကျော့ ပွဲစဉ်မှာ ဆာအူလ်ရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရတာကြောင့် အက်သလက်တီကိုအသင်းကို (၁-ဝ) ရလဒ်နဲ့ ရှုံးခဲ့ပါတယ်။

Photo Credit: Goal

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ နှစ်က ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ ဘာစီလိုနာအသင်းကို အဝေးကွင်းမှာ (၃-ဝ) နဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ အိမ်ကွင်းမှာ (၄-ဝ) နဲ့ အနိုင်ရပြီး နောက်တစ်ဆင့် တက်သွားခဲ့ပါတယ်။ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ယနေ့ည ပွဲစဉ်မှာလည်း မနှစ်က ဘာစီလိုနာအသင်းနဲ့ ပွဲစဉ်ကလို ပြန်လာနိုင်ဖို့ ပြင်ဆင်လာမှာ ဖြစ်ပြီး အနိုင်ရရှိသွားဖို့ အားခဲလာမှာ သေချာပါတယ်။ လီဗာပူးလ် ခံစစ်မှူးဟောင်း ကာရေဂါကတော့ လီဗာပူးလ်အသင်းဟာ တန်ပြန်တိုက်စစ်နဲ့ ကစားမှ အက်သလက်တီကိုအသင်းကို အနိုင်ရရှိနိုင်မယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

လီဗာပူးလ် ဂန္တဝင် နောက်ခံလူဟောင်း ကာရေဂါက “လီဗာပူးလ်အသင်းအနေနဲ့ ဒီလို ပွဲစဉ်မှာ ဘောလုံးကို မြန်မြန် ကစားရပါမယ်။ အက်သလက်တီကိုအသင်းကို တန်ပြန်တိုက်စစ်ဆင်ဖို့ အခွင့်အရေး ရှိပြီ ဆိုရင် တိုက်စစ်ဆင်ရပါမယ်။ သဘောကတော့ အရဲ့စွန့်ရပါမယ်။ အရဲစွန့်ဖို့ ကြိုးစားတဲ့ အခါမှာ ပုံမှန်ထက် ဘောလုံးပိုင်ဆိုင်မှု ပို နည်းနိုင်ပါတယ်။ ဒါပေမဲ့ အရဲ့စွန့်တာက အခြေအနေကို တုံ့ပြန်ခြင်းပါပဲ။ သူတို့ကို စုဖွဲ့မှုခွင့် မပေးခြင်း ဖြစ်ပါတယ်။ အက်သလက်တီကို အသင်းက ကစားသမားတွေ အများကြီးကို ရှေ့တန်းတက်ခိုင်းမှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း တစ်ခါတစ်လေ ကစားသမား (၂) ဦး ဒါမှမဟုတ် (၃) ဦးက ရှေ့တန်းတက်လာမှာ ဖြစ်ပြီး အဲဒီအချိန်မှာ လီဗာပူးလ်အသင်းအနေနဲ့ ခံစစ်ကနေ တိုက်စစ်ဆင်ရပါမယ်”လို့ ပြောသွားခဲ့ပါတယ်။