ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ်ပါ လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဂျေမီ ကာရေဂါ ကတော့ သူ့ရဲ့ အသင်းဟောင်း အနေနဲ့ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ မိုဟာမက် ဆာလာကို ခပ်မြန်မြန် စာချုပ်သစ် ချုပ်နိုင်အောင် လုပ်ဆောင်သင့်ကြောင်း တွန်းအားပေးသွားခဲ့ပါတယ်။
အသက် ၂၉နှစ် အရွယ် အီဂျစ်လက်ရွေးစင် အသင်းခေါင်းဆောင် မိုဟာမက် ဆာလာဟာ ၂၀၁၇ခုနှစ်မှာ ရိုးမားအသင်း ကနေ လီဗာပူးအသင်းထံ ပြောင်းရွှေ့လာသူ တဦး ဖြစ်ပြီး အသင်းထံ စတင် ရောက်ရှိချိန်မှာပဲ အသင်းရဲ့ မရှိမဖြစ် တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူပါ။
Photo Credit: Sky Sports
ဆာလာဟာ လီဗာပူးအသင်း အတွက် ပြိုင်ပွဲစုံမှာ ၂၃၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၄၈ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၆၇ကြိမ် ပြုလုပ်ထားနိုင်ကာ ချန်ပီယံလိဂ်ဖလား ၊ ပရီးမီးယားလိဂ်ဖလားတို့ကို ရရှိထားပါတယ်။
လက်ရှိမှာတော့ ဆာလာဟာ လီဗာပူးအသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ်သာ ကျန်ရှိတော့ပြီး လီဗာပူးအသင်းက ဆာလာကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် ဆာလာဘက်က စာချုပ်သစ်မှာ မြင့်မားတဲ့ လုပ်ခလစာ တရပ် လိုချင်နေတာကြောင့် စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေက ရပ်တန့်နေပါတယ်။
ဆာလာဟာ ယခုအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၅ဦး စာရင်းဝင်နေသူ ဖြစ်တာကြောင့် လီဗာပူးအသင်းနဲ့သာ စာချုပ်သစ် မချုပ်ဆိုဖြစ်ပါက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဥရောပ အသင်းကြီးတွေ များစွာ ရှိနေပြီး ကာရေဂါ ကတော့ လီဗာပူးအသင်းရဲ့ ပိုင်ရှင်တွေ အနေနဲ့ ဆာလာကို စာချုပ်သစ် ချုပ်ဖို့ မတွန့်ဆုတ်နေသင့်ပဲ အကယ်၍သာ ဆာလာကို လက်လွှတ်လိုက်ရင် ပရိသတ်တွေရဲ့ အမုန်းနဲ့ ရင်ဆိုင်ရလိမ့်မယ် လို့ သတိပေးစကား ပြောကြားသွားခဲ့ပါတယ်။
Photo Credit: Sky Sports
ကာရေဂါက – “ခင်ဗျားကသာ လီဗာပူးအသင်းရဲ့ ပရိသတ် တဦး ဆိုရင် ဆာလာကို စာချုပ်သစ် မချုပ်နိုင်သေးတဲ့ ကိစ္စက အတော်လေးကို စိတ်ပူစရာ ကောင်းပါတယ်။ ပြီးခဲ့တဲ့ ၃လ ၊ ၄လ အတွင်းမှာ လီဗာပူးအသင်းက အယ်လီဆန် ၊ အာနိုးလ်နဲ့ ဗန်ဒိုက်တို့လို အသင်းရဲ့ အဓိက ကစားသမားတွေကို စာချုပ်သစ်တွေ ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဆာလာကို စာချုပ်သစ် ခပ်မြန်မြန် ချုပ်ဖို့က အရေးကြီးပါတယ်။ ကျွန်တော်က ဆာလာ တောင်းဆိုတဲ့ အရာရာကို ဖြည့်ဆည်းပေးပြီး စာချုပ်သစ် ချုပ်ဖို့ မပြောပါဘူး။ ဒါပေမယ့် လီဗာပူးအသင်း အနေနဲ့ ဆာလာကို ခေါ်ခဲ့စဉ်က ကုန်ကျခဲ့တဲ့ ငွေပမာဏကို ပြန်ပြီး တွက်ကြည့်ဖို့ လိုပါမယ်။ သူတို့က ဆာလာကို ပေါင် ၁၀၀သန်းလောက် ပေးပြီး ခေါ်ခဲ့တာ မဟုတ်ပါဘူး။ သူတို့က အရမ်းကို ကောင်းမွန်တဲ့ အပြောင်းအရွှေ့ တခု လုပ်ဆောင်နိုင်ခဲ့တာပါ။ လီဗာပူးအသင်းက ဆာလာ အတွက် ပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေးနဲ့ လုပ်ခလစာ ပမာဏက သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ယှဉ်ကြည့်ရင် အရမ်းကို တန်ပါတယ်။ ဒါကြောင့် လီဗာပူး အသင်းပိုင်ရှင်တွေ သိထားရမယ့် အချက်က သူတို့ကသာ ဆာလာကို မထိန်းသိမ်းနိုင်ခဲ့ရင် သူတို့ကို ပရိသတ်တွေအနေနဲ့ ဘယ်လိုမှ ခွင့်လွှတ်မှာ မဟုတ်ဘူး ဆိုတာပါပဲ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။