ဝက်စ်ဟမ်း မန်ချက်စတာယူနိုက်တက် မန်စီးတီး ဂျုဗင်တပ်စ်နဲ့ ဘိုကာဂျူနီယာအသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ နာမည်ကျော် ဝါရင့်အာဂျင်တီးနား လက်ရွေးစင်ဟောင်း တိုက်စစ်မှူးကြီး ကားလို့တဲဗက်ဇ်ကတော့ သူရဲ့လက်ရှိကလပ်အသင်းဖြစ်တဲ့ အာဂျင်တီးနား ထိပ်သီးကလပ် ဘိုကာဂျူနီယာအသင်းနဲ့အတူ 2020 Copa Libertadores (မြောက်အမေရိကရဲ့ ချန်ပီယံလိဂ်လို ပြိုင်ပွဲ) ပြိုင်ပွဲကြီးကို ဝင်ရောက်ဆင်နွဲပြီးခဲ့ပါက သူရဲ့ဘောလုံးသမားဘဝကို အဆုံးသတ်တော့မယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Stretty News

အသက်(၃၆)နှစ်အရွှယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ကားလို့စ်တဲဗက်ဇ်ဟာ သူရဲ့ဥရောပဘောလုံးသမားဘဝကို အဆုံးသတ်လိုက်ပြီးနောက် သူရဲ့မွေးရပ်မြေ အာဂျင်တီးနားနိုင်ငံဆီကို ပြန်လာခဲ့ပြီး သူရဲ့ပထမဆုံး စီနီယာကစားဘဝကို စတင်နိုင်ခဲ့တဲ့ ဘိုကာဂျူနီယာအသင်းနဲ့ ပြန်လည်ပူးပေါင်းဖြစ်ခဲ့ပါတယ်။ လက်ရှိမှာလည်း ဘိုကာဂျူနီယာအသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားလို့နေတဲ့ တဲဗက်ဇ်ဟာ အသင်းနဲ့အတူ အာဂျင်တီးနားအမှတ်ပေးလိဂ်ချန်ပီယံဆုကို ဆွတ်ခူးထားခဲ့ပြီဖြစ်ပြီး လတ်တလောမှာတော့ Copa Libertadores ပြိုင်ပွဲကြီးကို ဘိုကာဂျူနီယာအသင်းနဲ့ ဆက်လက်ဆင်နွဲသွားရတော့မှာဖြစ်ပါတယ်။

Photo Credit : Planet Football

၂၀၀၁ခုနှစ်ကနေ ၂၀၀၆ခုနှစ်လောက်အထိ အာဂျင်တီးနားကလပ်တွေဖြစ်တဲ့ ဘိုကာဂျူနီယာနဲ့ ကိုရင်သီယန်အသင်းတွေမှာ ကျင်လည်ခဲ့တဲ့ တိုက်စစ်မှူးတဲဗက်ဇ်ဟာ ၂၀၀၆ခုနှစ်အရောက်မှာပဲ ဝက်စ်ဟမ်းယူနိုက်တက်အသင်းဆီကို သူရဲ့အာဂျင်တီးနားအသင်းဖော် မာရှေယာနိုနဲ့အတူ အံ့အားသင့်စဖွယ် ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး သူတို့နှစ်ဦးလုံးရဲ့အပြောင်းအရွှေ့ဟာလည်း အတော်လေးကို အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ရပါတယ်။ ဝက်စ်ဟမ်းမှာ တစ်ရာသီခန့် ပါဝင်ကစားပြီးတဲ့နောက် တဲဗက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းဆီ (၂)ရာသီအငှားနဲ့ ရောက်ရှိလာခဲ့ပြီး (၂)ရာသီလုံးမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးခဲ့သလို ၂၀၀၈ခုနှစ်မှာလည်း ချန်ပီယံလိဂ်ဆုဖလားကြီးကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ယူနိုက်တက်ရဲ့ဒါဘီပြိုင်ဘက် မန်စီးတီးကို ထပ်မံရောက်ရှိခဲ့ပြီး မန်စီးတီးနဲ့လည်း အသင်းရဲ့ပထမဆုံးသော ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူပေးနိုင်ခဲ့ပါတယ်။ ၂၀၁၃ခုနှစ်မှာတော့ တဲဗက်ဇ်ဟာ စီးရီးအေထိပ်သီးကလပ် ဂျုဗင်တပ်စ်အသင်းဆီကို ပြောင်းရွှေ့လာခဲ့ကာ အသင်းနဲ့ (၂)ရာသီ ဖြတ်သန်းခဲ့ပြီး စီးရီးအေချန်ပီယံဆုတွေကို ပိုင်ဆိုင်ခဲ့ပြန်ပါတယ်။ အဲ့ဒီကနေ သူရဲ့အသင်းဟောင်း ဘိုကာဂျူနီယာဆီ ပြန်ရောက်သွားချိန်မှာလည်း ဆုဖလားအောင်မြင်မှုတွေကို ဆက်လက်ရယူနိုင်ခဲ့ပေမယ့် သူရဲ့ဖခင်ကျန်းမာရေးအခြေအနေကြောင့်ရော နိုင်ငံရေးနယ်ပယ်အတွင်းကို ဝင်ရောက်သွားဖို့ ဆန္ဒရှိနေတဲ့အတွက်ကြောင့်ပါ သူရဲ့ကစားသမားဘဝကို အဆုံးသတ်ဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။